
အာဖရိကတိုက်ရဲ့ အရွယ်အစားကို ပိုပြီး တိတိကျကျ ဖော်ပြပေးနိုင်တဲ့ မြေပုံစနစ်တခုနဲ့ အစားထိုးဖို့အတွက် ရှေးမြေပုံစနစ်ကို တရားဝင်အဆင့်ဆင့် ရုပ်သိမ်းရေး ဆုံးဖြတ်ချက်မူကြမ်းကို ပြီးခဲ့တဲ့ သောကြာနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မဲခွဲအတည်ပြုခဲ့ကြပါတယ်။
၁၆ ရာစုကတည်းက သုံးစွဲခဲ့တဲ့ မာကေတာ ရှေးမြေပုံစနစ်ကိုအနားပေးပြီး သူ့အစား ပိုတိကျတဲ့ ၂၀၁၈ ခုနှစ် Equal Earth ဒီဇိုင်းအခြေခံ မြေပုံစနစ်ကို တရားဝင်သုံးဖို့ သဘောတူခဲ့ကြတာပါ။
ညီလာခံတွင် အဖွဲ့ဝင် ၁၆၄ နိုင်ငံက ထောက်ခံမဲပေးခဲ့ကြပေမဲ့ အမေရိကန်တနိုင်ငံတည်းက ကန့်ကွက်မဲပေးခဲ့ပြီး မဲမပေးဘဲ ကြားနေခဲ့တာက ၆ နိုင်ငံ ရှိပါတယ်။
မာကေတာမြေပုံစနစ်ကို ၁၅၆၉ ခုနှစ်မှာ မြေပုံဆွဲပညာရှင် မာကေတာ က စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး အီကွေတာနဲ့နီးတဲ့ဒေသတွေဟာ ပကတိထက်ပိုသေးငယ်နေပြီး လတ္တီတွဒ်မြင့်တဲ့ဒေသတွေကတော့ အလွန်ကြီးမားနေပါတယ်။
ဥပမာအားဖြင့် အာဖရိကတိုက်ရဲ့အရွယ်အစားကို ဂရင်းလန်းကျွန်းနဲ့ ရွယ်တူနီးပါး ပြသထားပေမဲ့ အမှန်တကယ်မှာ အာဖရိကဟာ ဒိန်းမတ်ပိုင်နက်ဖြစ်တဲ့ ဂရင်းလန်းထက် ၁၄ ဆခွဲလောက် ပိုကြီးပါတယ်။
အာဖရိကသမဂ္ဂကိုယ်စား ဒီဆုံးဖြတ်ချက်ဖြစ်မြောက်ရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ တိုဂိုနိုင်ငံကိုယ်စားလှယ်က “အထူးသဖြင့် မာကေတာမြေပုံစနစ်ကြောင့် ဖြစ်ပေါ်လာတဲ့ အချိုးအစား မမှန်တဲ့ မြေပုံဖော်ပြမှုတွေဟာ ကမ္ဘာ့ပြည်သူတွေရဲ့ စိတ်ဒိုင်နမစ်၊ ပညာရေး၊ ယဉ်ကျေးမှု၊ ပထဝီနိုင်ငံရေးနဲ့ လူမှုစီးပွားရေးတို့မှာ ရေရှည်ရိုက်ခတ်မှုတွေရှိခဲ့ပြီး ကမ္ဘာ့စိတ်ကူးပုံဖော်မှုမှာ အာဖရိကနဲ့ တခြားဒေသတွေရဲ့ အရွယ်အစားကို သေးငယ်သွားအောင် ကူညီပေးသလို ဖြစ်ခဲ့တာကို ဒီဆုံးဖြတ်ချက်က အသိအမှတ်ပြု အတည်ပြုလိုက်တာပဲ” လို့ ပြောပါတယ်။
လက်မှတ်ပေါင်း ၁၁,၀၀၀ ကျော် ရရှိထားတဲ့ Change.org က #CorrectTheMap ကမ်ပိန်းမှာ ‘အာဖရိကတိုက်ထဲကို အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ မက္ကဆီကိုနဲ့ ဥရောပနိုင်ငံ အတော်များများကို ထည့်သွင်းထားနိုင်ပြီး မြေနေရာတွေတောင် ပိုနေပါသေးတယ်” လို့ ဖော်ပြထားပါတယ်။
အာဖရိကသမဂ္ဂဟာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လမှာ ဒီကမ်ပိန်းကို ထောက်ခံခဲ့ပြီးနောက် အဲဒီမူကြမ်း အတည်ပြုနိုင်ရေးအတွက် တိုဂိုနိုင်ငံကို ဦးဆောင်ခိုင်းခဲ့ပါတယ်။
တချို့ကလည်း မြေပုံဟောင်းဟာ တောင်ကမ္ဘာခြမ်းရဲ့ ရုပ်ပိုင်းဆိုင်ရာအရွယ်အစားကို လျှော့ချပြသ၊ မြောက်ကမ္ဘာခြမ်းနိုင်ငံတွေကို ပုံကြီးချဲ့ပြီး အပြည်ပြည်ဆိုင်ရာ သြဇာသက်ရောက်မှုတွေကို မသိမသာ ပုံသွင်းပေးခဲ့တယ်လို့လည်း ဆိုကြပါတယ်။
အခုဆုံးဖြတ်ချက်အရ မြေပုံဟောင်းကိုမသုံးရလို့ မတားမြစ်ပေမဲ့ ကျောင်းသုံး သင်ရိုးညွှန်းတမ်းတွေနဲ့ နေ့စဉ်သုံးနည်းပညာတွေမှာ မြေပုံကို ပြောင်းလဲအသုံးပြုလာစေဖို့ တွန်းအားဖြစ်စေမယ်လို့ မျှော်လင့်ရပါတယ်။
Photo : Getty Images
Source : The Guardian











