
ထိုင်းနိုင်ငံ၊ မြို့တော်ဘန်ကောက်မြို့လယ်ရှိ ဈေးဝယ်စင်တာတခုထဲ ဗီယက်နမ်ခရီးသွား ဧည့်သည်တယောက်ရဲ့ ကျောပိုးအိတ်ကို ခိုးယူခဲ့တယ်လို့ သံသယရှိသူ မြန်မာနိုင်ငံသား တယောက်ကို ရဲတပ်ဖွဲ့က ၂ နာရီအတွင်းမှာ ဖမ်းဆီးနိုင်ခဲ့တဲ့အကြောင်း Khaosod သတင်းမှာ မတ် ၂၃ ရက်က ဖော်ပြပါတယ်။
မတ် ၂၂ ရက်နေ့ ညပိုင်း ၇ နာရီ မိနစ် ၄၀ လောက်က ပသုံဝမ်နယ်မြေထဲက ဈေးဝယ်စင်တာတခုမှာ ဗီယက်နမ်ခရီးသွားဧည့်သည် အမျိုးသမီး ကွက်သီသန်ဟီရန် ဈေးဝယ်နေချိန် ဖြစ်ပွားခဲ့တာဖြစ်ပြီး သူ့ရဲ့ ကျောပိုးအိတ်ဟာ သူ သတိမထားမိခင်မှာပဲ ခိုးယူခံခဲ့ရတာကြောင့် ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီနောက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက စီစီတီဗွီ လုံခြုံရေးကင်မရာ မှတ်တမ်းတွေကတဆင့် အမြန်ဆုံး စစ်ဆေးခဲ့ရာ သံသယရှိသူမှာ တီရှပ်နဲ့ ဘောင်းဘီရှည် အမည်းရောင်ဝတ်ဆင်ထားတဲ့ ခန္ဓာကိုယ်ပိန်ပိန်ပါးပါး အမျိုးသားတယောက် ဖြစ်ကြောင်း တွေ့ရှိခဲ့သလို သူဟာ ဖရာထိုင်းလမ်းဘက်ကို ဦးတည် ထွက်ခွာသွားတာကို တွေ့ရှိခဲ့ကြရတယ်လို့ ဆိုပါတယ်။
ထိုင်းရဲတပ်ဖွဲ့က သူ့နောက်ကို လိုက်လံစုံစမ်းခဲ့ချိန်မှာတော့ နွမ်ဂျစ်လမ်းသွယ်အရောက်မှာ အသက် ၃၁ နှစ်အရွယ် လင်း အမည်ရ မြန်မာအမျိုးသားကို ရှာဖွေတွေ့ရှိကာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
သူ့ကို စစ်ဆေးမေးမြန်းချိန်မှာတော့ ထိုင်းစကားကို ကျွမ်းကျင်စွာပြောဆိုနိုင်တဲ့ သံသယရှိသူက သူ့ရဲ့ပြစ်မှုကို ဝန်ခံခဲ့သလို သူ့ရဲ့ အခန်းထဲက ထိုင်းဘတ်ငွေ ၉,၅၀၀ အပါအဝင် အမေရိကန်ဒေါ်လာနဲ့ ဗီယက်နမ် ဒေါင်ငွေတွေ ပါဝင်တဲ့ သက်သေခံပစ္စည်းတွေနဲ့ အနက်ရောင် ကျောပိုးအိတ်တလုံးကို ရဲတပ်ဖွဲ့က ပြန်လည်သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
နစ်နာသူ ဗီယက်နမ်ခရီးသွားအမျိုးသမီးက အဆိုပါ ပစ္စည်းတွေဟာ သူ ပိုင်ဆိုင်တာ မှန်ကန်ကြောင်း အတည်ပြုခဲ့သလို လက်ရှိမှာ သံသယရှိသူ မြန်မာအမျိုးသားကို ညအချိန် ခိုးမှုကျူးလွန်မှုနဲ့ အမှုဖွင့်ထားပြီး ဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့ သက်ဆိုင်ရာဆီ လွှဲပြောင်းပေးအပ်ထားပါတယ်။
Source: Khaosod










