
တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တဲ့အတွက် ကားမိုင်း-နန့်ယား-ဖားကန့်လမ်းပိုင်းကို အသုံးမပြုဖို့ KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်တွန်းထားပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်-နန့်ယား-ကားမိုင်းလမ်းပိုင်းကို စစ်ရေးအခြေအနေကြောင့် ဧပြီ ၂၂ ရက်က စပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း ၆ က ထုတ်ပြန်ထားပါတယ်။
KPDF တပ်ဖွဲ့ဝင်တယောက်က “ကားမိုင်း-နန့်ယား-ဖားကန့် လမ်းတလျှောက်ကတော့ စစ်တပ်က မနှစ်ကတည်းက စစ်ကြောင်းထိုးကတည်းက ထိုင်ထားတာ ကြာပြီ။ အခုလည်း စစ်တပ်က အဲဒီဘက်ကနေ ပြည်သူ့စစ်တွေရောပေါ့နော် မင်းဇေသန့်တို့ ရှမ်းနီးပြည်သူ့စစ်တို့ ဒီလမ်းကြောင်း ကနေ ဖားကန့်ဘက်ကို အင်အားဖြည့်နေတာ။ လမ်းပိတ်လိုက်တဲ့သဘောက တိုက်ပွဲ ဖြစ်နိုင်တာပေါ့နော်။ နောက်ပြီး စစ်တပ်ဘက်က လူသားဒိုင်း လုပ်တာတို့ တိုက်ပွဲဖြစ်တဲ့အခါ အရပ်သား ထိခိုက်မှု နည်းအောင်တို့ကြောင့် ထင်ပါတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်တွေနဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်တွေဟာ ဧပြီ ၆ ရက်နောက်ပိုင်း ဖားကန့်-ကားမိုင်းလမ်းကို အသုံးပြုပြီး ဖားကန့်ဒေသထဲကို စစ်အင်အားဖြည့်တင်းနေတာလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေဟာ အခုရက်ပိုင်း ဖားကန့်မြို့နယ်ထဲ အင်အားဖြည့်တင်းတာတွေ ဆက်တိုက်ပြုလုပ်နေသလို လမ်းသွားလမ်းလာ ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ လုံးခင်းဒေသခံတယောက်က ပြောပါတယ်။
“အပြင်ထွက်လို့ သူတို့နဲ့တိုးရင် ပိုက်ဆံတွေပါရင် ယူသွားတယ်၊ ဖုန်းသိမ်းတယ်။ သူတို့က စစ်ဆေးတာနဲ့ မတူဘူး၊ လုယက်နေသလိုပဲ။ အပြင်ကို မထွက်ရဲဘူး။ မနေ့ည ၂၁ ရက်နေ့ ညပေါ့၊ ၇-၈ နာရီလောက် ဖြစ်မယ်ထင်တယ်။ လုံးခင်းက အောင်ရာရွာက မိုင်ဆေးရုံကို ဝင်စီးပြီး ဆရာဝန်ရော ဝန်ထမ်း လူနာတွေရော ဖမ်းသွားတယ်။ ဥရုဆွတ်အိမ် ဟိုတယ်မှာလည်း ဝင်ဖမ်းတာ ရှိတယ်။ မျောက်ကုန်းဘက်ကို ဖမ်းခေါ်သွားတာ။ နောက်ဆက်တွဲ အခြေအနေတော့ မသိသေးဘူး။ ဖားကန့်မှာက နှစ်ဖက် စစ်ရေးလည်း တင်းမာနေတော့ သတိထားနေရတယ်။ စကစ စစ်ကြောင်း လည်း ကြောက်ရတယ်။ လေယာဉ်လည်း ကြောက်ရတယ်။”
ဧပြီ ၂၀ ရက် ည ၇ နာရီကလည်း ရှရော်ခကျေးရွာ ဘောလုံးကွင်းအနီး စစ်တပ်စခန်းတွေရှိရာ နေရာတဝိုက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) KPDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
ဖားကန့်မြို့နယ်အတွင်း ပြီးခဲ့တဲ့လလောက်ကစတင်ပြီး တိုက်ပွဲတွေ မကြာခဏ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့အပြင် လက်ရှိအချိန်အထိ စစ်ရေး ဆက်လက်တင်းမာနေပြီး လေကြောင်း တိုက်ခိုက်မှု တွေလည်း မကြာခဏ ရှိနေတာပါ။
ဖားကန့်မှာ စစ်တပ်က ပြည်သူ့စစ်အင်အားတွေ ဖြည့်တင်းပြီးတော့ ဧပြီ ၇ ရက် နောက်ပိုင်း KIA ထိန်းချုပ်နေရာတွေကို တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပြီး ဖားကန့်၊ လုံးခင်း၊ မှော်ဆီစာ ကျေးရွာ တလျှောက် တရွာဝင် တရွာထွက် စစ်ရေးလှုပ်ရှားနေပါတယ်။
ဖားကန့်ဒေသရဲ့ စစ်ရေးအခြေအနေအရ စစ်တပ်ဟာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ဆိုင်းတောင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးဖောက်နိုင်ဖို့အတွက် စစ်အင်အား ၃၀၀ ဝန်းကျင်လောက်နဲ့ စစ်ကြောင်းခွဲကာ စစ်ရေးလှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။
ဟန်န











