
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့အနီးက မြို့ပေါ်ရွာနဲ့ ပြောင်းပြာရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က မတ် ၂၅ ရက် မနက် ၉ နာရီလောက်မှာ မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ ယင်းမာပင်မြို့အတွင်းကနေ အင်အား ၂၀၀ ကျော်နဲ့ တလကျော်ကြာ ပုလဲမြို့နယ်ဘက်ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတဲ့စစ်ကြောင်းလို့လည်း သိရပါတယ်။
ယင်းမာပင်မြို့နယ် ဒေသခံ စစ်ဘေးရှောင်တယောက်က “သူတို့ အဓိကပစ်မှတ်က ပုလဲမြို့နယ်ဘက်ကို သွားမယ်ထင်တယ်။ BNRA အဖွဲ့က ဗိုလ်နဂါး စစ်တပ်ထံ အညံ့ခံပြီး စစ်ကြောင်းစထိုးလာတာပဲ။ ကျနော်တို့လည်း စစ်ကြောင်းစထိုးတဲ့ရက်က စပြီး ရွာကနေ ထွက်ပြေးခဲ့ရတာ တလကျော်ကြာနေပြီ။ ဒီနေ့လည်း ရွာကို မီးရှို့နေတယ်ဗျ။ ရွာအတွင်းက အခြေအနေ အသေးစိတ်ကတော့ မသိရသေးဘူး။ အိမ်တွေ မီးရှို့တာကတော့ ရွာရဲ့အပြင်ဘက် စစ်ရှောင်နေတဲ့ နေရာကနေ မီးခိုးထွက်တာကိုပဲ မြင်နေရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ယင်းမာပင်မြို့ကနေ မြို့ပေါ်ရွာနဲ့ ပြောင်းပြာရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ် ဝင်ရောက်လာတာလို့လည်း သိရပါတယ်။
ယင်းမာပင်ခရိုင်အတွင်းက တပ်ရင်းမှူးတယောက်က “စစ်တပ်ကတော့ လူစိတ်မရှိတဲ့ ကောင်တွေပါဗျာ။ တိုက်ပွဲက အရင်ရက်တွေကတော့ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်ကြပါတယ်။ ဒီနေ့ကတော့ ဘာတိုက်ပွဲမှ မရှိဘဲ အကြောင်းမဲ့ ပြည်သူ အရပ်သားတွေရဲ့ အိမ်တွေကို မီးရှို့နေတာဗျ” လို့ ပြောပါတယ်။
မတ် ၁၇ ရက်နဲ့ ၁၈ ရက်တွေကလည်း စစ်တပ်ဘက်က အဆိုပါကျေးရွာတွေအနီးကို ဂျက်ဖိုက်တာနဲ့ ၇ ကြိမ်၊ ဂျိုင်ရိုကော်ပတာတွေနဲ့ ၁၈ ကြိမ်၊ အသေခံဒရုန်းတွေနဲ့ အကြိမ် ၃၀ နေ့ညမပြတ် ဗုံးကြဲ တိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဒေသခံရွာသား နောက်ထပ်တယောက်က “စစ်ကြောင်းက ဖေဖော်ဝါရီ ၂၀ ကျော်လောက်က စထွက်လာတာပေါ့။ မတ်လ ၁၉ ရက်နေ့မှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန် ဖြစ်ကြသေးတယ်။ အဲလို တိုက်ပွဲဖြစ်ပြီး စစ်တပ်စစ်ကြောင်းက ရှေ့မတိုးနိုင် ဖြစ်နေတာ။ သူတို့စစ်ကြောင်း ရှေ့မတိုးနိုင်လို့ မဆိုင်တဲ့ ကျနော်တို့ရွာကို မီးရှို့တာ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရးတပ်တို့ စစ်ရေးအခြေအနေ တင်းမာနေဆဲ ဖြစ်တာကြောင့် ပြောင်းပြာရွာနဲ့ မြို့ပေါ်ရွာ အပါအဝင် အနီးဝန်းကျင် ကျေးရွာတွေက ဒေသခံတွေ နေရပ်စွန့်ခွာနေကြရတယ်လို့လည်း သိရပါတယ်။










