
မကွေးတိုင်း မြိုင်နယ်ထဲ စစ်ကြောင်းထိုးနေတဲ့ စစ်အာဏာရှင်တပ်က ပြီးခဲ့တဲ့သီတင်းပတ်ကစလို့ ရေနံမှော်တွေကကို မီးရှို့နေပြီး လေကြောင်းကနေ ခဲယမ်းရိက္ခာတွေ ဖြည့်တင်းနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကစလို့ မြိုင်နယ်ထဲမှာ လှည့်ပတ်စစ်ကြောင်းထိုးနေတဲ့ စစ်အာဏာရှင်တပ်ဟာ တဲကြီးကျေးရွာမှာ အထိုင်ချပြီး ရေနံမှော်တွေကို မီးရှို့နေတယ်လို့ ဒေသတွင်းရဲဘော်နဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ ကနေ ထွက်ခွာလာတဲ့ အဲဒီစစ်ကြောင်းဟာ မြိုင်မြို့နယ်ထဲ လှည့်ပတ်နေတာ ၂ လခွဲဝန်းကျင် ကြာမြင့်လာပြီး ယာကြီးပြင်၊ မှန်ရင်းရွာ၊ တောင်စုံရွာတွေကတဆင့် တဲကြီးရွာဘက်ကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။
မြိုင် ပကဖ ရဲဘော်တယောက်က “(--) တွေ Well-1 ၊ Well-2 မှော်တွေကို မီးရှို့နေပြီနော် အစ်ကို။ အင်အား ၂၀၀ လောက်နဲ့ ရှို့သွားတာ ထွက်ပြီးတော့။ ကျန်တဲ့ ၄၀၀ က ရွာထဲ (တဲကြီးကျေးရွာ)၊ ၃၀၀ လောက်က ရွာထဲ ဖြန့်ထားတာ” လို့ ပြောပါတယ်။
အခု စစ်တပ် မီးရှို့နေတဲ့ ရေနံမှော်တွေဟာ ဒေသခံတွေရဲ့ တပိုင်တနိုင် လုပ်ကွက်တွေ ဖြစ်ကြပြီး ၂၀၂၄ ခုနှစ်မှာ ဒေသခံတော်လှန်ရေးတပ်တွေက ပေါက်နဲ့ မြိုင်က ရေနံမြေတွေကို ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ Well-1၊ Well-2 ထဲက လုပ်ကွက်တွေလို့သာ သိရပြီး ဘယ်လောက်ထိ ဖျက်ဆီးခံရတယ် ဆိုတာတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
လက်ရှိ မြေပြင်အခြေအနေနဲ့ပတ်သက်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ ပြောခွင့်ရသူ ဆရာထွေးက “အခုလက်ရှိ ဖြေနေတဲ့အချိန်မှာပဲ ကျနော်တို့ခေါင်းပေါ်မှာ Y-8 ဝဲပြီးတော့မှ ခဲယမ်းရိက္ခာတွေ ချပြီး ဖြည့်တင်းတာတွေ ရှိပါတယ်။ စစ်ကြောင်းကတော့ အဲဒီတဲကြီးမှာပဲဗျ။ တဲကြီးအနီးတဝိုက်က ပြည်သူတွေကတော့ စစ်ရှောင်နေရဆဲပါပဲဗျ။ တဲကြီးကို စဝင်စကတည်းက မီးရှို့တာတော့ မဟုတ်ဘူးဗျ။ တဲကြီးကို ဝင်တာက အခုဆို ၃ ပတ်လောက် ပြည့်ပြီးပြီလို့ ယူဆရတယ်ဗျ။ ဒါပေမဲ့ တဲကြီးရွာထဲက နေအိမ်တွေကိုပဲ မီးရှို့တာပဲ။ ရေနံတွင်းတွေကို မီးရှို့တာကတော့ သူတို့ရောက်တဲ့ ၃ ပတ်လောက်မှာ အခုနောက်ဆုံး တတိယပတ်လောက်မှာပဲ မီးရှို့တာဗျ” လို့ ပြောပါတယ်။
ခန့်မှန်းအင်အား ၅၀၀ ကျော်ရှိနိုင်တဲ့ အဲဒီစစ်ကြောင်းဟာ မြိုင်နယ်ထဲက ရေနံမှော်တွေကို ထိန်းချုပ်လိုတာဖြစ်ပြီး စစ်ကြောင်းထိုးရာ လမ်းတလျှောက်က ကျေးရွာတွေနဲ့ အခုတခါ ရေနံမှော်တွေကို မီးရှို့နေခဲ့တာ ဖြစ်ပါတယ်။
တမာဖွံ့ဖြိုးရေးအင်စတီကျုရဲ့ မကွေးဒေသ အခြေအနေ ထုတ်ပြန်ချက်အရ ဩဂုတ်လအတွင်း စစ်အာဏာရှင်တပ်က ဝေဟင်တိုက်ခိုက်မှု ၉၇ ကြိမ်အထိ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
မြေပြင်စစ်ကြောင်းကြောင့် ပြည်သူပိုင်နေအိမ် ၃၈၀ ပျက်စီးရသလို ဒေသခံ ၁၀,၀၀၀ ကျော်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖော်ပြထားပါတယ်။
စက်တင်ဘာလအတွင်း စစ်ကြောင်းထိုးမှုကိုပါ ထည့်ပေါင်းမယ်ဆိုရင် အရေအတွက် တိုးလာဖွယ်ရှိပြီး ပြည်သူ ၃၀ နီးပါးလည်း သတ်ဖြတ်ခံခဲ့ရပါသေးတယ်။











