လီသူယေးနီးယားနိုင်ငံ၊ မြို့တော် ဗီလ်နီးယပ်စ်မြို့စွန်က SpaceX Starlink အခြေစိုက်စခန်းတခုကို အောက်တိုဘာ ၁၈ ရက်က မီးရှို့ဖျက်ဆီးဖို့ ကြိုးပမ်းတာ ခံခဲ့ရပါတယ်။
ဒီလုပ်ရပ်ကို ယူကရိန်းရဲ့ စစ်စွမ်းရည်ကို လှိုက်စားဖို့ ရုရှားနဲ့ ပတ်သက်နေတဲ့ အဖျက်အမှောက် လုပ်ရပ်အဖြစ် သတ်မှတ်ကိုင်တွယ်နေတယ်လို့ လစ်သူယေးနီးယားအစိုးရ အမျိုးသား အကျပ်အတည်း စီမံခန့်ခွဲရေးဌာန အကြီးအကဲ ဗီလ်မန်တက်စ် ဗစ်ကော့စ်ကက်စ်က ပြောပါတယ်။
စခန်းကို အောက်တိုဘာ ၁၇ ရက် မနက် ၂ နာရီမှာ မီးရှို့ဖို့ ကြိုးစားခဲ့တဲ့ သံသယရှိသူတွေကို အာဏာပိုင်တွေက ရှာနေတယ်လို့ ဆိုပါတယ်။
မီးကို အမြန်ငြှိမ်းသတ်နိုင်ခဲ့လို့ ပစ္စည်းဥစ္စာနည်းနည်းသာ ပျက်စီးခဲ့ပြီး လုပ်ငန်းလည်ပတ်မှုတွေပေါ် ထိခိုက်မှုမရှိဘူးလို့ သူက ဖြည့်စွက်ပြောပါတယ်။
ဒီဖြစ်ရပ်ဟာ ဘူလ်ဂေးရီးယားနဲ့ ပိုလန်နိုင်ငံတို့က Starlink စခန်းတွေမှာ အရင်က ဖြစ်ခဲ့တဲ့ မီးရှို့ဖျက်ဆီးမှုတွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။
ယူကရိန်းနိုင်ငံဟာ စစ်မြေပြင် ဆက်သွယ်ရေးအတွက် Starlink စက်ကိရိယာတွေကို ကျယ်ကျယ် ပြန့်ပြန့်သုံးနေပြီး၊ သူတို့ရဲ့ဒရုန်းတွေမှာ လမ်းကြောင်းပြစနစ်ရဲ့ အစိတ်အပိုင်းတခုအဖြစ် Starlink လက်ခံ ကိရိယာတွေကို တပ်ဆင်သုံးစွဲထားပါတယ်။
စက်ကိရိယာတွေကို ယူကရိန်းနိုင်ငံထဲက ရုရှ ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာရော ရုရှားဒရုန်းတွေရဲ့ တိုက်ခိုက်မှုကို ခုခံကာကွယ်ဖို့ ယူကရိန်းရဲ့ ကြားဖြတ်တိုက်ခိုက်ရေး ဒရုန်းတွေမှာပါ သုံးထားပါတယ်။
Source: Reuters











