
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်မှာ ဘုရားဖူးလာတဲ့ သုံးဘီးယာဉ် တိမ်းမှောက်ခဲ့တာကြောင့် အမျိုးသားတယောက် သေဆုံးပြီး ၁၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေဆီက သိရပါတယ်။
ဧပြီ ၃၀ ရက်၊ ကဆုန်လပြည့်နေ့ မနက် ၁၁ နာရီလောက်က လူ ၁၆ ယောက် ပါလာတဲ့ သုံးဘီးယာဉ်ဟာ ဥတ္တရသီရိမြို့နယ်ရှိတဲ့ ဗုဒ္ဓဂယာဘုရားဖူးပြီး ပြန်အဆင်း လမ်းတနေရာမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသူက “ဘုရားဖူးလာရင်း ဖြစ်တာလို့ သိရတယ်။ ယာဉ်မောင်းအပါ ၁၆ ယောက်လောက် လိုက်ပါလာတာ။ ဝိတ်တအားများပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားတာ။ တစောင်းမှောက်တာ၊ ဆုံးသွားတာက အမျိုးသားတယောက်ပါ” လို့ ပြောပါတယ်။
သေဆုံးသူ အမျိုးသားဟာ အသက် ၂၀ ကျော်အရွယ်ဖြစ်ပြီး ရုပ်အလောင်းကို ကူညီကယ်ဆယ်ရေး အဖွဲ့တွေက နေပြည်တော် ခုတင် ၁,၀၀၀ ဆေးရုံ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရရှိသူတွေကို နေပြည်တော် ခုတင် ၃၀၀ ဆေးရုံ ပို့ဆောင်ထားကာ ၁၂ ယောက်က အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
ဧပြီ ၂၄ ကနေ ၃၀ ရက်အထိ နေပြည်တော်က ဇေယျာသီရိ၊ ပျဉ်းမနား၊ တပ်ကုန်း၊ လယ်ဝေး စတဲ့မြို့နယ်တွေမှာ သုံးဘီးယာဉ်တိုက်မှုတွေ အပါအဝင် ယာဉ်တိုက်မှုတွေကြာင့် အရပ်သား ၃ ယောက် သေဆုံးခဲ့ပြီး ၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။











