
ရေလမ်းကြောင်းကိုသာ အဓိက အားထားနေရတဲ့ ရခိုင်ပြည်နယ်မှာ မိုးရာသီကာလရောက်တိုင်း ဒေသခံတွေ အပါအဝင် ပညာသင်ကြားပေးနိုင်ဖို့ ကြိုးစားနေတဲ့ ဆရာ၊ ဆရာမတွေ အတွက်လည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ စိန်ခေါ်မှုတွေ ရှိနေပါတယ်။
ဒီလို အသက်အန္တရာယ်ကြားထဲကနေပဲ ဆရာ၊ ဆရာမတွေ အပါအဝင် ကျောင်းသား ကျောင်းသူ တွေဟာ ရေလမ်းကို အမှီပြုပြီး ပညာကို ဆက်လက်သင်ကြားနေရပါတယ်။
မြစ်ချောင်းအင်းအိုင် ပေါများတဲ့ ရခိုင်ဒေသမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် ရေလမ်း ကိုသာ အဓိကအားထားနေရပြီး မိုးသက်လေပြင်းနဲ့ ရေစီးသန်တဲ့ မြစ်ကြောင်းတွေကြောင့် နှစ်စဉ် စက်လှေတိမ်းမှောက်မှုတွေ ဖြစ်ပွားကာ အသက်ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။
ဇူလိုင် ၃၁ ရက်ကလည်း ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ ပညာရေးဝန်ထမ်းတွေ အပါအဝင် ခရီးသည် ၁၃ ယောက် လိုက်ပါတဲ့စက်လှေ နစ်မြုပ်ခဲ့ပါတယ်။
ဇူလိုင် ၃၁ ရက် ညနေ ၃ နာရီလောက်မှာ တောင်ကုတ်မြို့နယ် ပန်းတင်ကျွန်း၊ မကျည်းတောဆိပ် ကမ်းကနေ ကလိန်တောင်ဘက်ကို ထွက်ခွာလာတဲ့ စက်လှေဟာ အောင်စိတ်ကေမြစ်အတွင်း မိုးသက်လေပြင်းဒဏ်ကြောင့် တိမ်းမှောက်နစ်မြုပ်ခဲ့ရပြီး ဆရာ၊ ဆရာမ ၄ ယောက် အပါအဝင် စုစုပေါင်း ၉ ယောက် သေဆုံးခဲ့ကာ ၄ ယောက်သာ အသက်ရှင် လွတ်မြောက်ခဲ့တာပါ။
သေဆုံးသွားတဲ့ ဆရာ၊ ဆရာမတွေနဲ့ နီးစပ်သူတယောက်က “အဲဒီ ဆရာ၊ ဆရာမတွေက လပတ်အစည်းအဝေး လာကြတယ်။ အဲဒီကနေမှ သူတို့ တာဝန်ကျရာနေရာတွေကို ပြန်ကြတဲ့အချိန်မှာ ဒီရေကျတဲ့အချိန်နဲ့ လှိုင်းထန်ပြီးတော့ မြုပ်သွားတာလို့ ကြားသိရပါတယ်။ ဒီဒေသတွေက မြို့ပေါ်နဲ့လည်း တော်တော်အလှမ်းဝေးတဲ့နေရာထဲ ပါတယ်။ ရွာရဲ့ဖွဲ့စည်းပုံကလည်း ကျွန်းဖြစ်နေတယ်၊ ရေပြင်ကြီး ဝန်းရံထားတဲ့ နေရာပေါ့နော်။ ဒီဒေသတွေမှာ ကျောင်းတက်ရတဲ့ သူတွေရော နေထိုင်တဲ့သူတွေ အပါအဝင် တာဝန်ကျလို့ ကျောင်းသွားပြတဲ့ ဆရာ၊ ဆရာမတွေ အတွက်ရော တော်တော်ကို အန္တရာယ်များတဲ့ နေရာပါ။ သူတို့လည်း ဒီအန္တရာယ်ကြားထဲကနေ ကလေးတွေကို စာပြဖို့သွားရင်းနဲ့ ဒီလိုဖြစ်သွားရတာပေါ့။ စိုးရိမ်ရတဲ့အနေအထားကြား ဒီအန္တရာယ်တွေ ကြားထဲကနေပဲ ဆရာ၊ ဆရာမတွေက အဲဒီမှာ တာဝန်ထမ်းဆောင်နေရတော့ တော်တော့်ကို စိုးရိမ်စရာရှိပါတယ်” လို့ ပြောပါတယ်။
သေဆုံးသူတွေမှာ တောင်ကုတ်မြို့နယ်က ဆရာမ ဒေါ်ပပစိုး၊ ဆရာ ဦးဖြိုးလွင်၊ ပန်းတင်ကျွန်း င/ကာကိုင်းကျေးရွာက ဆရာမ အေးအေးမူ၊ ဦးတင်ထွန်း၊ ကလိန်တောင်ကျွန်း နပင်းချိုင်ကျေးရွာမှ ဇော်ဝင်းလှိုင်၊ ဦးညီဆန်းချေ၊ ကျောင်းသား မျိုးမင်းထွန်း၊ ပန်းတင်ကျွန်း အလယ်တန်းကျေးရွာမှ ဆရာမအိဖြူနဲ့ ဖောင်းခါးကျေးရွာမှ ပြည့်စုံဟိန်းတို့ ဖြစ်ပါတယ်။
အလားတူ ဇွန် ၁၅ ရက်ကလည်း ရသေ့တောင်မြို့နယ်မှာ စက်လှေနစ်မြုပ်မှုကြောင့် ၁၁ ယောက် သေဆုံးခဲ့ရပြီး နှစ်လအတွင်းမှာ ခရီးသည်တင်စက်လှေ နစ်မြုပ်မှု ၂ ခုရှိခဲ့ပြီး ဒေသခံ ၂၀ လောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။
ဒါကြောင့် မိုးရာသီ ရေလမ်းခရီးသွားလာရာမှာ အသက်အန္တရာယ် ကင်းရှင်းစေဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက စည်းကမ်းချက်တွေကို တင်းကျပ်စွာ ချမှတ်ထားဖို့ လိုအပ်တယ်လို့ လူထုဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ဆောင်ရွက်ရေးအဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ကိုဇော်ဇော်ထွန်းက အကြံပြုပါတယ်။
“အများပြည်သူ သွားလာပို့ဆောင်နေတဲ့ လှေ (စက်လှေ) လုပ်သားတွေ၊ စက်လှေပိုင်ရှင်တွေအနေနဲ့ အသက်ကယ်ပစ္စည်းတွေကို အမြဲတမ်းဆောင်တင်ဖို့လိုတယ်။ လှေမထွက်ခင်မှာ အသက်ကယ်အင်္ကျီတွေကို မဖြစ်မနေဝတ်ကြဖို့၊ စည်းကမ်းချက်တခုအနေနဲ့ သက်မှတ်ပေးဖို့ လိုတယ်။ သွားလာရတဲ့ ပြည်သူလူထုဘက်ကလည်း ဒီပေါ်မှာ မပေါ့လျော့ဘဲနဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့လိုတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေဘက်ကလည်း စည်းမျဉ်းစည်းကမ်းတခုအနေနဲ့ ထုတ်ပြန်သတ်မှတ်ပေးဖို့ လိုပါတယ်။ သတ်မှတ်ထားတဲ့ အလေးချိန်ထက် ပိုပြီးတော့မှ၊ သက်မှတ်ထားတဲ့ လူဦးရေထက် ပိုပြီးတော့မှ သွားကြတယ်၊ ဒါမျိုးတွေကိုလည်း သတိထားဖို့လိုတယ်။ ဒီရေလမ်းခရီးဆိုတာက အသက်အန္တရာယ်တွေ ပိုများတယ်ဆိုတာကို သတိထားသင့်တယ်။ ဒါကြောင့်မို့လို့ မိုးလေဝသ သတင်းတွေကို နားထောင်ထားမယ်၊ အဲဒီလိုမျိုးတွေကိုလည်း လုပ်ထားဖို့ လိုပါတယ်။”
လက်ရှိအချိန်အထိတော့ ရေလမ်းခရီးသွားလာရာမှာ ပေါ့ဆမှုတွေကြောင့် မလိုလားအပ်တဲ့ အသက်ဆုံးရှုံးမှုတွေ နှစ်စဉ် ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။
ဒီလို အသက်အန္တရာယ် စိုးရိမ်မှုတွေကြားထဲကနေ ပညာသင်ကြားနိုင်ဖို့အတွက် ကြိုးစားနေကြတဲ့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားလူငယ်တွေအတွက် ဘေးကင်းလုံခြုံတဲ့ သွားလာနိုင်ရေးကို ရခိုင်ပြည်သူတွေအတွက် အရေးတကြီး လိုအပ်နေပါတယ်။
ကေခိုင်










