
ရခိုင်မှာ စစ်ဘေးရှောင်တွေနေထိုင်တဲ့ စစ်ရှောင်စခန်းတွေပါမကျန် လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်ခံနေတာကြောင့် အပြစ်မဲ့ အရပ်သားတွေ ထိခိုက်သေဆုံးမှု တိုးလာနေသလို စစ်ရှောင်တွေ နေထိုင်စားသောက်ဖို့ အခက်အခဲတွေ ကြုံနေရပါတယ်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတွေပါမကျန် စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းပစ်မှတ်ထား တိုက်ခိုက်မှုတွေကို နေ့စဉ် ကြုံတွေ့နေရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက် ညနေ ၅ နာရီဝန်းကျင်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုနဲ့ ယိုးငူကျေးရွာကြားရှိ ယိုးငူ၊ ဗျာလ စစ်ဘေးရှောင်စခန်းကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ၆ ယောက် အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၂ ယောက်ထက်မနည်း ရှိကာ နေအိမ်တွေနဲ့ ဈေးဆိုင်အများအပြား မီးလောင်ပျက်စီးခဲ့ရပါတယ်။
ဗုံးကြဲခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေမှာ ဆေးကုသနိုင်ဖို့ ငွေကြေးအခက်အခဲ ရှိနေသလို နေအိမ်တွေ မီးလောင်ဆုံးရှုံးသွားသူတွေမှာလည်း အရေးတကြီး နေထိုင်စရာ အဆောက်အအုံတွေ လိုအပ်နေတယ်လို့ ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ကိုမျိုးချစ်က ပြောပါတယ်။
“စစ်ဘေးရှောင်တွေကတော့ တော်တော် ထိတ်လန့်တုန်လှုပ်မှုတွေ ဖြစ်နေကြတယ်ဗျ။ နေစရာနေရာ မရှိလောက်အောင်ပေါ့နော်၊ သူတို့ ဒီ မလုံခြုံမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ ခံစားနေရတာတွေ ရှိတယ်ဗျ။ အရေးတကြီး အကူအညီတွေ လိုအပ်နေတာတွေတော့ အများကြီး ရှိတယ်ပေါ့လေ။ တချို့ ဒဏ်ရာရသွားတဲ့သူတွေကတော့ ဆေးကုသစရိတ်တွေ လိုတယ်ပေါ့နော်။ တချို့ကျတော့လည်း ရွှေ့ပြောင်းဖို့ စရိတ်တွေတော့ အများကြီး လိုအပ်နေတယ်ပေါ့နော်။ တချို့ကျတော့ အိမ်တွေ မီးထဲပါသွားတယ်။ တပူပေါ် နှစ်ပူဆင့် နေသလိုမျိုးပေါ့နော်၊ စားဝတ်နေရေးတွေ လိုမယ်။ နောက်ပြီးတော့ အဆောက်အအုံတွေ ပြန်လိုမှာပေါ့နော်။ ဒီဥစ္စာတွေတော့ အရေးပေါ် လိုအပ်နေတယ်လို့ မြင်ပါတယ်။”
ဒါ့အပြင် အောက်တိုဘာ ၅ ရက် မနက် ၉ နာရီကျော်ကလည်း ပန်းနီလာ စစ်ဘေးရှောင်စခန်းကို ဂျက်တိုက်လေယာဉ် ၄ စီးနဲ့ အုပ်စုလိုက် ဗုံးကြဲခဲ့တာကြောင့် အရပ်သားတယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။
အခုလို စစ်ဘေးရှောင်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ စစ်အာဏာရှင်တပ်ကို နိုင်ငံတကာအနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်ပေးဖို့ ဒေသခံ လူမှုပရဟိတသမားတွေက တောင်းဆိုနေကြပါတယ်။
ဒေသတွင်း လူမှုပရဟိတလုပ်ဆောင်နေသူတယောက်က “စစ်ရှောင်လာတဲ့ ပြည်သူတွေဆိုတော့ သူတို့မှာ အရင်ကလို ကိုယ့်အိမ် ကိုယ့်ရာလို အိမ်တွေမရှိဘူး။ ပြီးတော့ အလုပ်အကိုင်ပိုင်းဆိုင်ရာ အရရော သူတို့မှာ အကုန်လုံး အခက်အခဲတွေနဲ့ နေကြတာ။ ဒီလို အခက်အခဲတွေ၊ သူတို့ရဲ့ ပူပန်သောကတွေနဲ့ နေကြတဲ့ ကြားထဲမှာပဲ အခုလို ဒီ စစ်ကော်မရှင်က လာပြီးတော့ ဗုံးကြဲတိုက်ခိုက်တယ်ဆိုတော့ တချို့ စစ်ရှောင်အိမ်တွေဆို မီးတွေလောင်သွားရတာတွေ ရှိတယ်။ ဒါတွေကြောင့် သူတို့မှာ ငွေကြေးကိစ္စ အခက်အခဲတွေပါ၊ ပြီးတော့ ဒီစိတ်ပူစရာ ထိခိုက်မှုတွေပါ ဆိုးဆိုးရွားရွားကြီးကို ကြုံတွေ့နေကြရတယ်။ စစ်ဘေးရှောင်နေတဲ့ ဒီစစ်ရှောင်စခန်းတွေကို ဒီ မြန်မာအကြမ်းဖက် စစ်ကောင်စီကနေပြီးတော့ နေ့စဉ်ရက်ဆက် လာပြီးတော့ ဒီဗုံးကြဲတိုက်ခိုက်နေတဲ့အပေါ်မှာ နိုင်ငံတကာအနေနဲ့ ဒါတွေကို သိရှိပြီးတော့ ထိထိရောက်ရောက် အရေးယူပေးစေချင်ပါတယ် ခင်ဗျ” လို့ ပြောပါတယ်။
အာရက္ခတပ်တော် (AA) ကတော့ စစ်အာဏာရှင်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သား နေထိုင်ရာနေရာတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။
အခုလို အစုအပြုံလိုက် သေဆုံးမှုဖြစ်စေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ တိုက်ရိုက် တာဝန်ရှိသူတွေကို ထိရောက်စွာ လက်တုံ့ပြန်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ကေခိုင်










