
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာကျေးရွာနဲ့ ကြံခင်းကျေးရွာကြားရှိ စစ်ဘေးရှောင်စခန်းကို စစ်အာဏာရှင်တပ်က အောက်တိုဘာ ၅ ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာ လေယာဉ်အုပ်စုလိုက်သုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတယောက်သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း လူမှုရေးကူညီရေးလုပ်နေသူတွေက ပြောပါတယ်။
ပန်းနီလာ ကျေးရွာအနီးရှိ စစ်ဘေးရှောင်စခန်းနဲ့ အောင်ဖြူပြင်ကျေးရွာတို့ကို အောက်တိုဘာ ၅ ရက် မနက် ၉ နာရီခွဲကနေ ၁၀ နာရီအတွင်းမှာ တပြိုင်နက်တည်း စစ်အာဏာရှင်တပ်က ဂျက်ဖိုက်တာ ၄ စင်းနဲ့ ဗုံး ၇ လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ လူမှုရေးကူညီရေးလုပ်နေသူတယောက်က ပြောပါတယ်။
“ပန်းနီလာနဲ့ ကြံခင်းကြားက စစ်ဘေးရှောင်စခန်းနဲ့ အောင်ဖြူပြင်ရွာ ကားဂိတ်အနီးကို ဒီနေ့မနက်က တပြိုင်တည်း လေယာဉ် ၄ စင်းနဲ့ ဗုံး ၇ လုံးကြဲချခဲ့တာရှိတယ်။ အောင်ဖြူပြင်မှာ စစ်ရှောင် အမျိုးသမီးတဦး သေဆုံးသွားတယ်။ နောက်ထပ် စစ်ရှောင်ကျောင်းသူ နှစ်ဦး၊ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိသွားတာလည်းရှိတယ်။ ဒေသခံရွာသားတွေနဲ့ စစ်ဘေးရှောင်တွေက တအားကြောက်သွားကြလို့ ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင် နေကြရတယ်။”
စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူမှာ ဒေါ်လှမေသန်း (၅၄နှစ်) ဖြစ်ပြီး၊ ၁၂ တန်းကျောင်းသူ မခိုင်သဇင်စိုး (၁၈ နှစ်)၊ မစန္ဒာစိုး (၁၄ နှစ်)၊ အသက် ၅၀ အရွယ် ဦးညီချေ နဲ့ ဒေါ်လှမေသိန်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။
ပန်းနီလာ ကျေးရွာအနီးက စစ်ဘေးရှောင်စခန်းမှာ စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေ ထောင်နဲ့ချီနေထိုင်နေကြတာ ဖြစ်ပါတယ်။
အောက်တိုဘာလ ၄ ရက်နေ့ ညနေပိုင်းကလည်း သရက်ချိုကျေးရွာအနီးရှိ စစ်ဘေးရှောင်စခန်းကို စစ်အာဏာရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၆ ယောက်သေဆုံးပြီး ၁၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း လူမှုအဖွဲ့အစည်းတွေဆီက သိရပါတယ်။
စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်နယ်က မြို့၊ရွာ တွေသာမကဘဲ စစ်ဘေးရှောင်စခန်းတွေကိုပါ ထပ်မံ ဗုံးကြဲတိုက်ခိုက်လာတာဟာ နာဇီတွေလုပ်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို ပြန်အသက်သွင်းနေတာလို့ ပုဏ္ဏားကျွန်းဒေသခံ လူငယ်တယောက်က ပြောပါတယ်။
“စစ်တပ်က ဖက်ဆစ်နာဇီတွေ လူသတ်ခဲ့သလို ရခိုင်ပြည်သူတွေကို သတ်ဖြတ်လာနေတာ ဖြစ်တယ်။ မြို့၊ရွာတွေသာမကဘဲ စစ်ရှောင်စခန်းတွေကို ဗုံးကြဲပြီး သတ်ဖြတ်လာတာဟာ လူမျိုးတခုလုံးကို အမုန်းတရားနဲ့ သတ်ဖြတ်လာနေတာ။ ဒီစစ်ရာဇဝတ်မှုတွေအတွက် စစ်တပ်အနေနဲ့ အပြည့်အဝ တာဝန်ယူမှု တာဝန်ခံမှု ရှိရပါလိမ့်မယ်။”
စစ်အာဏာရှင်တပ်ဟာ စက်တင်ဘာ ၂၈ ရက်နေ့မှာ ကျောက်တော်မြို့ အိန္ဒိယဈေး လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ လူ အစုအပြုံလိုက် သေဆုံးပြီးနောက် ရခိုင်ပြည်နယ်က မြို့၊ ရွာတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို အဓိက ပစ်မှတ်ထားပြီး ဆက်တိုက် ဗုံးကြဲတိုက်ခိုက်လာနေတာလည်းဖြစ်ပါတယ်။










