
မြန်မာနိုင်ငံဟာ အာဆီယံဒေသတွင်းမှာ ငြိမ်းချမ်းမှု အနည်းဆုံးနိုင်ငံအဖြစ် နောက်ဆုံးမှာ ရပ်တည်နေတယ်လို့ စီးပွားရေးနဲ့ ငြိမ်းချမ်းရေးအင်စတီကျူ (IEP) ရဲ့ ၂၀၂၆ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေးညွှန်းကိန်း ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာနိုင်ငံဟာ စုစုပေါင်း ရမှတ် ၂.၉၁၁ ရရှိထားပြီး လက်ရှိ ကြုံတွေ့နေရတဲ့ ပဋိပက္ခတွေနဲ့ မငြိမ်မသက်မှုတွေကြောင့် ဒေသတွင်းမှာ လုံခြုံရေးနဲ့ တည်ငြိမ်မှု အားနည်းဆုံးအခြေအနေကို ရောက်ရှိနေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အာဆီယံဒေသမှာ ဒေသတွင်း လုံခြုံရေးနဲ့ ငြိမ်းချမ်းမှုအရှိဆုံးနိုင်ငံအဖြစ် ရမှတ် ၁. ၄၃၅ မှတ်နဲ့ စင်ကာပူနိုင်ငံက ပထမနဲ့ ဦးဆောင်နေပြီး မလေးရှားက ရမှတ် ၁.၅၁၃ မှတ်နဲ့ ဒုတိယ၊ တီမောက ရမှတ် ၁.၆၈၁ မှတ်နဲ့ တတိယနေရာတွေမှာ ရပ်တည်နေပါတယ်။
အဆင့် ၄ မှာ ဗီယက်နမ်၊ လာအိုက အဆင့် ၅၊ အင်ဒိုနီးရှားက အဆင့် ၆၊ ကမ္ဘောဒီးယားက အဆင့် ၇၊ ထိုင်းက အဆင့် ၈ နဲ့ ဖိလစ်ပိုင်နိုင်ငံက အဆင့် ၉ နေရာတွေမှာ အစဉ်လိုက် ရှိနေကြပါတယ်။
စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံကတော့ အာဆီယံဒေသတွင်းမှာတော့ နောက်ဆုံးအဆင့်နဲ့ တည်ရှိနေတာပါ။
ကမ္ဘာ့ငြိမ်းချမ်းရေးညွှန်းကိန်းရဲ့ တိုင်းတာချက်စံနှုန်းတွေအရ ရမှတ် မြင့်မားတဲ့နိုင်ငံတွေဟာ ပဋိပက္ခ ပိုမိုများပြားပြီး၊ ရမှတ်နည်းပါးတဲ့ နိုင်ငံတွေကတော့ လုံခြုံရေးနဲ့ တည်ငြိမ်မှု ပိုမိုကောင်းမွန်ကြပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကို ၁၉၆၇ ခုနှစ် ဩဂုတ် ၈ ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ၁၉၉၇ ခုနှစ်မှာ အဖွဲ့၀င်အဖြစ် ၀င်ရောက်ခဲ့ပြီး လက်ရှိ အာဆီယံမှာ လူဦးရေ သန်း ၆၉၀ ကျော် ရှိနေပါတယ်။
Source: Institute for Economics & Peace (IEP)











