DVB Logo
Home
နိုင်ငံတကာ
ရုရှား၊ အမေရိကန်နှင့် ယူကရိန်း ၃ ပွင့်ဆိုင်ဆွေးနွေးပွဲ နိုဝင်ဘာတွင်ကျင်းပရန် မျှော်လင့်
DVB
·
October 26, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန်၊ ယူကရိန်းတို့နဲ့အတူ ၃ ပွင့်ဆိုင် ဆွေးနွေးပွဲတွေကို နိုဝင်ဘာ ၄ ရက် နောက်ပိုင်းမှာ ပြန်စဖို့ ရုရှားနိုင်ငံက အသင့်ရှိနေတယ်လို့ ရုရှားသမ္မတရုံး အကြံပေး ယူရီ ယူရှာကော့ဗ်က အောက်တိုဘာ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။

ဒီဆွေးနွေးပွဲတွေဟာ ကနဦးအဆင့် ကျွမ်းကျင်သူတွေကြား ဆွေးနွေးမှုတွေသာ ဖြစ်လာမှာဖြစ်ပြီး မျှော်လင့်ချက်တွေကို အလွန်အမင်း အမြင့်ကြီး မထားသင့်ဘူးလို့လည်း ယူရှာကော့ဗ်က ပြောပါတယ်။

ယူကရိန်းကိစ္စရပ်နဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး သဘောတူညီချက်တရပ်ရဖို့ သက်ဆိုင်ရာအဖွဲ့ အားလုံးဘက်က ကြီးမားတဲ့ ကြိုးပမ်းအားထုတ်မှုတွေ လိုဦးမယ်လို့လည်း သူက ပြောပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကလည်း အမေရိကန်၊ ရုရှားနဲ့ ယူကရိန်းတို့ဟာ နိုဝင်ဘာလအတွင်း နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းအဆင့် ၃ ပွင့်ဆိုင် ဆွေးနွေးပွဲတွေလုပ်ဖို့ စီစဉ်ထားတယ်လို့ အဲဒီနေ့မှာပဲ အတည်ပြု ပြောပါတယ်။

ဆွေးနွေးပွဲကျင်းပမဲ့ နေရာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့တွေကြား ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ပြီး အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံ အဘူဒါဘီမြို့ အရှေ့အလယ်ပိုင်းဒေသက တခြားနေရာတွေနဲ့ ဥရောပမြို့ကြီးတချို့ကို ဖြစ်နိုင်ခြေရှိတဲ့ နေရာတွေအဖြစ် ထည့်သွင်း စဉ်းစားထားပါတယ်။

ဒီဆွေးနွေးပွဲတွေဟာ အနာဂတ်မှာ နိုင်ငံခေါင်းဆောင်တွေကြား ပိုအဆင့်မြင့်တဲ့ ဆွေးနွေးပွဲတွေအတွက် လမ်းခင်းပေးဖို့ ရည်မှန်းတဲ့ အလုပ်အဆင့် ဆွေးနွေးညှိနှိုင်းပွဲတွေ ဖြစ်တယ်လို့ ဇလန်းစကီးက ပြောပါတယ်။

ယူကရိန်းကိစ္စနဲ့ ပတ်သက်တဲ့ ၃ နိုင်ငံပါတဲ့ ဆွေးနွေးပွဲတွေကို မကြာမီ လုပ်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္ဂနွေနေ့မှာ ပြောခဲ့ပေမဲ့ အချိန်ဇယား အတိအကျကိုတော့ ထုတ်မပြောခဲ့ပါဘူး။

ရုရှားနဲ့ ယူကရိန်း ၂ နိုင်ငံစလုံးက သဘောတူညီချက်တခုရဖို့ ဆန္ဒရှိနေကြတယ်ဆိုတာ ယုံကြည်တယ်လို့လည်း ထရမ့်ပ်က မှတ်ချက်ပြု ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013