
အက်စ်တိုးနီးယားနိုင်ငံဟာ ရုရှားနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ဖြတ်သန်းရေးဂိတ်တွေ အားလုံးကို ဒီဇင်ဘာ ၁ ရက်ကစပြီး ပိတ်ပစ်တော့မယ်လို့ ကြေညာအပြီး ရက်ပိုင်းအကြာ နိုဝင်ဘာ ၁၇ ရက်မှာ နာဗာမြို့က ရုရှား-အက်စ်တိုးနီးယား နယ်စပ်ဂိတ်မှာ လူတွေ ခရီးဆောင်အိတ်တွေကိုယ်စီနဲ့ တန်းစီ စောင့်ဆိုင်းနေကြပါတယ်။
နိုင်ငံခြားရေးဝန်ကြီး မာ့ဂ်စ် ဆာ့ခ်နာက ဒီဆုံးဖြတ်ချက်ကို နိုဝင်ဘာ ၁၅ ရက်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။
အက်စ်တိုးနီးယားနိုင်ငံရဲ့ ကာကွယ်ရေးကုမ္ပဏီတခုအပေါ် အဖျက်အမှောင့် တိုက်ခိုက်မှုလို့ သံသယရှိရတဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပြီးနောက် အက်စ်တိုးနီးယားက အခုလို ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဒီလုပ်ရပ်အတွက် ရုရှားအစိုးရကို အပြစ်တင်ထားပါတယ်။
ဒရုန်းထုတ်လုပ်တဲ့ Threod Systems ကုမ္ပဏီကို မီးရှို့ဖျက်ဆီးဖို့ ကြိုးပမ်းမှုမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူ ၈ ယောက်ကို အက်စ်တိုးနီးယား အာဏာပိုင်တွေက ညတွင်းချင်း ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
အဲဒီကြိုးပမ်းမှုကို ရုရှားစစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဌာန (GRU) က ညွှန်ကြားခဲ့တာ ဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
နာဗာမြို့တော်ဝန်ဟောင်း ကာထရီရီအစ်က “လုံခြုံရေးဟာ အရေးအကြီးဆုံး ဖြစ်တယ်လို့ ပြောထားပေမဲ့ ဆောင်းရာသီကာလ၊ ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတော် မတိုင်ခင်မှာ ဘာကြောင့် ဒီလိုအစီအမံမျိုး လိုအပ်ရသလဲ ဆိုတာကို နယ်စပ်မြို့နေ ပြည်သူတွေက နားမလည်နိုင် ဖြစ်နေကြပါတယ်” လို့ ပြောပါတယ်။
ဒီအခြေအနေဟာ ဧည့်ဝန်ဆောင်မှု လုပ်ငန်းတွေ အပါအဝင် ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေ အပေါ် သက်ရောက်မှုရှိတယ်လို့လည်း ဆိုပါတယ်။
ဖင်လန်နိုင်ငံက ခရီးသွား အန်ဒရေး ကုက္ကိုနန်က အရင်က ၅ နာရီလောက်ပဲ ကြာမြင့်တဲ့ ခရီးစဉ်ဟာ အခုဆို တရက်လုံးနီးပါး ကြာမြင့်နေပြီဖြစ်ကြောင်း၊ ဒီနယ်စပ်ဂိတ်သာ ပိတ်သွားရင် ခရီးသွားချိန် ၃ ရက်အထိ ကြာမြင့်သွားနိုင်ကြောင်း ပြောပါတယ်။
စိန့်ပီတာစဘာ့ဂ်မြို့မှာ နေထိုင်သူ အလာ ဂူဆီဗာက သူ့ရဲ့ အသက် ၈၆ နှစ်အရွယ် မိခင်ဟာ တာလင်မြို့မှာ နေထိုင်တာဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်နောက်ပိုင်း ဘယ်လိုသွားလာရမလဲဆိုတာ မသေချာဘူးလို့ ပြောပြပါတယ်။
ပြင်သစ်နိုင်ငံက မာရီနာ ကုပ်ဆန်ကိုကတော့ ဘဲလ်ဂရိတ်မြို့ကနေတဆင့် ခရီးသွားလို့ရပေမဲ့ ကုန်ကျစရိတ် အရမ်းကြီးမြင့်တယ်လို့ ဆိုပါတယ်။
အက်စ်တိုးနီးယားနိုင်ငံဟာ NATO နဲ့ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံတခုဖြစ်ပြီး ယူကရိန်းနိုင်ငံကို အခိုင်အမာ ထောက်ခံအားပေးထားပါတယ်။
လက်ရှိမှာ ရုရှားနိုင်ငံနဲ့ ထိစပ်နေတဲ့ နာဗာ၊ လူဟာမာနဲ့ ကိုအီဒူလာ တို့ရှိ နယ်စပ်ဖြတ်သန်းရေးဂိတ် ၃ ခု ဖွင့်လှစ်ထားဆဲဖြစ်ပြီး အဲဒီဂိတ်တွေကနေ ခြေလျင်ခရီးသွားတွေနဲ့ ကုန်စည်တွေ ဖြတ်သန်းခွင့် ပြုထားတယ်လို့ အက်စ်တိုးနီးယား အများပြည်သူ ရုပ်သံလွှင့်ဌာန ERR က ထုတ်ပြန်ထားပါတယ်။
Source: Reuters











