
ရန်ကုန်မြို့ တဖက်ကမ်း ဒလမြို့မှာ ကျပ် ၇ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ဖမ်းမိခဲ့တယ်လို့ စစ်အာဏာရှင်လက်အောက်ခံ မူးယစ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။
ဇူလိုင် ၈ ရက်က ဒလမြို့မှာ ဟိုးလေးတကျော် ဖြစ်ခဲ့တဲ့ မူးယစ်ဖမ်းဆီးမှု သတင်းကို ဒီနေ့မှ ထုတ်ပြန်တာပါ။
ဒလမြို့၊ မှော်စက်ရပ်ကွက်မှာ နေသူတယောက်က “ဆာလာအိတ်နဲ့ ၁၃ အိတ်။ တခြားဟာတွေရောပဲ မိတာ။ ကမ်းနားက လှေပေါ်မှာ မိတာလေ။ ရပ်ကွက်တခုလုံး အုံးအုံးကျွတ် ထွက်ကြည့်ကြတာ။ နည်းတာမဟုတ်ဘူး ဆေးတွေက” လို့ ပြောပါတယ်။
မူးယစ်ဆေးဝါးတွေကို မြစ်အတွင်း ရပ်ထားတဲ့ ရေယာဉ်တစီးပေါ်က တွေ့ရှိတာဖြစ်ပြီး မှော်စက်နဲ့ ဝန်ထမ်းရပ်ကွက်ကြား မြစ်ကမ်းစပ်မှာ မိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၈ ရက် နေ့လယ် ၁ နာရီလောက်မှာ ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်၊ ရန်ကုန်မြစ်ဆိပ်ကမ်း (ဒလဘက်ခြမ်း) မှာ ရပ်နားထားသော ‘မိဘမေတ္တာ’ ရေယာဉ်ကို စစ်ဆေးရာမှာ ICE မူးယစ်ဆေးဝါး ၁ ကီလိုဂရမ်စီ ထည့်သွင်းထားတဲ့ အိတ်ငယ် ၂၅ အိတ်ပါ ဆာလာအိတ် ၁၂ အိတ်နဲ့ ၁၀ ကီလိုဂရမ်ပါ ဆာလာအိတ် ၁ အိတ်၊ စုစုပေါင်း ICE မူးယစ်ဆေးဝါး ၃၁၀ ကီလိုဂရမ် ပါဝင်တဲ့ ဆာလာအိတ် ၁၃ အိတ်ကို သိမ်းဆည်းရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးတွေရဲ့ ဒေသပေါက်ဈေးတန်ဖိုးက တကီလို ကျပ်သိန်း ၂၅၀ ခန့်ရှိပြီး စုစုပေါင်း ကျပ် ၇ ဒသမ ၇၅ ဘီလီယံ (ကျပ်သိန်း ၇၇,၅၀၀ ခန့်) တန်ဖိုးရှိတယ်လို့ ဖော်ပြပါတယ်။










