
မကွေးတိုင်း၊ မင်းတုန်းမြို့ပေါ်က မြို့မရဲစခန်းနဲ့ မင်းတုန်းမြို့အထွက်က စစ်တပ်ရဲ့ ဂိတ်တွေကို ဧပြီ ၁၄ ရက်မနက် ၈ နာရီလောက်မှာ တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်-၄ တပ်ရင်းဆီက သိရပါတယ်။
သရက်ခရိုင် အမှတ်-၄ တပ်ရင်းရဲ့ တာဝန်ရှိသူတယောက်က “မနေ့က တိုက်ခိုက်မှုအပြီး ၁၁ နာရီလောက်မှာ သူတို့တွေ မိုက်ကရိုဝေ့ဖ် ဂိတ်ကနေ လက်နက်ကြီးနဲ့ပစ်တာရှိတယ်။ ရမ်းပစ်တာပါ။ အရပ်သား ထိမှန်တာ၊ ရွာထဲကျတာတော့ မရှိပါဘူး။ ကျနော်တို့ ဒရုန်းတက်ခဲ့တဲ့နေရာကို ပစ်တာပါ”လို့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်စစ်ဌာန၊ သရက်ခရိုင် အမှတ်-၄ တပ်ရင်းက တိုက်ခိုက်ရေး ဒရုန်းတွေနဲ့ စစ်တပ်စခန်းတွေကို တပြိုင်တည်း ဗုံးသီးချ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“ရဲစခန်းက မြို့တွင်းမှာပါ။ ဂိတ်ကတော့ မြို့အနောက်ဘက်ကိုထွက်တဲ့ မြို့ပြင်ဂိတ်ပေါ့။ အဲဒီမှာ MRTV မိုက်ကရိုဝေ့ဖ် ရှိတယ်။ အဲဒီမှာ တပ်စွဲပြီး အသွားအလာတွေကို စစ်ဆေးတဲ့ဂိတ်ပါ”လို့ ထပ်ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ မင်းတုန်းရဲစခန်းက ရဲတပ်သား တယောက်၊ ဒုရဲအုပ်တယောက် ထိမှန်သလို မိုက်ကရိုဝေ့ဖ်ဂိတ်မှာလည်း စစ်တပ်က တပ်သားတဦး ထိမှန်တာကြောင့် မင်းတုန်းမြို့ဆေးရုံမှာ ဆေးကုသနေရတယ်လို့ သိရပါတယ်။










