
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်၊ တာကိုးမားမြို့က Foss အထက်တန်းကျောင်းမှာ ဧပြီ ၃၀ ရက်က ဓားထိုးမှုဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၆ ယောက် ဒဏ်ရာရရှိခဲ့ပြီး ကျူးလွန်ကြောင်း သံသယရှိသူ ကျောင်းသားကိုလည်း လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
ကျောင်းသား ၅ ယောက်နဲ့ လုံခြုံရေးဝန်ထမ်းတယောက် ဆေးရုံတင်ထားရတယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အဲဒီကျောင်းဟာ စီရက်တဲလ်မြို့ တောင်ဘက် ၄၈ ကီလိုမီတာ (မိုင် ၃၀) အကွာမှာရှိတဲ့ ဆိပ်ကမ်းမြို့မှာ တည်ရှိတာပါ။
အခင်းဖြစ်ပွားချိန်မှာ ကျောင်းအပြင်ဘက်မှာ ရဲကားတွေနဲ့ ရဲအရာရှိတွေ ရောက်ရှိနေပြီး ကျောင်းအပြင်ဘက် ရိုက်ကူးထားတဲ့ ဗီဒီယိုမှာ ရဲကား အနည်းဆုံး ၃ စီးနဲ့ ရဲအရာရှိတွေကိုလည်း တွေ့ရပါတယ်။
တာကိုးမားအစိုးရကျောင်းများအဖွဲ့က အဲဒီကျောင်းကို မေ ၁ ရက်မှာ ပိတ်ထားမှာဖြစ်ပြီး ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေကို စိတ်ပိုင်းဆိုင်ရာ ကူညီပေးနိုင်ဖို့အတွက် မေ ၄ ရက်မှာ နယ်ပယ်စုံ အကြံပေးပုဂ္ဂိုလ်တွေ ထပ်မံထားရှိပေးသွားမယ်လို့ တာကိုးမား နယူးစ်ထရီဗျူးန် သတင်းစာက ဖော်ပြပါတယ်။










