
ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ပင်လယ်ပြင်က ငါးဖမ်းလှေတစင်းပေါ်မှာ မြန်မာလုပ်သားချင်း ဓားထိုးမှုဖြစ်ပြီး ပင်လယ်ထဲ ပြုတ်ကျသွားခဲ့တယ်လို့ အောက်တိုဘာ ၁၉ ရက်ထုတ် ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
စူရတ်ဌာနီခရိုင်၊ ကော့ဖငန်းကျွန်းနဲ့ ရေမိုင် ၇ မိုင်ကျော်က ငါးဖမ်းလှေတစင်းပေါ်မှာ မြန်မာလုပ်သားချင်း ဓားထိုးမှု ဖြစ်တယ်လို့ အမှတ် ၃ ရေကြောင်းရဲတပ်ဖွဲ့၊ ဌာနခွဲ ၆ က သတင်းပေးပို့ချက် ရတာကြောင့် ကင်းလှည့်သင်္ဘော ချက်ချင်းစေလွှတ်ပြီး ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ခဲ့တယ်လို့ ရေတပ်တာဝန်ရှိသူတယောက်က သတင်းထောက်တွေကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ ကိုသန်း ဆိုသူ မြန်မာလုပ်သားတယောက် လည်ပင်းမှာ ဓားထိုးခံရတဲ့ဒဏ်ရာ အပြင် ညာဘက်ပုခုံး၊ ဘယ်ဘက်လက်နဲ့ ကျောပြင်မှာလည်း ထိုးသွင်းဒဏ်ရာတွေရခဲ့လို့ သွေးအများအပြားထွက်နေပြီး အသက်ရှုကြပ်နေတာကြောင့် တာဝန်ရှိသူတွေက သူ့ကို ရှေးဦးသူနာပြုစုပြီး ကော့စမွီပြည်သူ့ဆေးရုံကို အမြန်ဆုံးပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။။
ဓားထိုးမှုကျူးလွန်သူကတော့ လှေနားက ရေပြင်မှာ ကူးခတ်လွတ်မြောက်နေပြီး ည ၇ နာရီလောက်မှာ တာဝန်ရှိသူတွေက သူ့ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။
မျက်မြင်သက်သေ ရေလုပ်သားတယောက်ရဲ့ ပြောပြချက်အရ သူဟာ သင်္ဘောဦးပိုင်းမှာ အလုပ်လုပ်နေတုန်း သင်္ဘောနောက်ပိုင်းဘက်ကနေ ရန်ဖြစ်သံကြားလို့ ပြေးပြီးသွားကြည့်တာမှာ ကိုဆန်း ဆိုသူက ကိုသန်းရဲ့ လည်ပင်းကို ဓားနဲ့လှီးနေတာ တွေ့ရတာကြောင့် သူက ဝင်ရောက်ဖျန်ဖြေ တားဆီးဖို့ ကြိုးစားခဲ့ပေမဲ့ ကိုဆန်းက သူ့ရဲ့ ညာဘက်လက်ကိုပါ ဓားနဲ့ခုတ်ခဲ့ပြီး ကံအားလျော်စွာ သူဝတ်ထားတဲ့အင်္ကျီက ထူနေတာကြောင့် ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား မရခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီအခိုက်မှာပဲ ဓားထိုးခံရတဲ့ ကိုသန်း ဟာ ရေထဲပြုတ်ကျသွားသလို ကိုဆန်းကလည်း ဓားကိုင်ပြီး ရေထဲ လိုက်ခုန်ချခဲ့ပါတယ်။
မျက်မြင်သက်သေရေလုပ်သားက ရေထဲလိုက်ဆင်းပြီး ကိုသန်းကို လှေပေါ် ပြန်ဆွဲတင်လာပြီး နောက် လှေသူကြီးကနေတဆင့် ရေကြောင်းရဲတပ်ဖွဲ့ဆီ အမြန်ဆုံးအကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။ ဆေးရုံရောက်နေတဲ့ ကိုသန်းရဲ့ အခြေအနေတော့ မသိရသေးပါဘူး။
ရေကြောင်းကယ်ဆယ်ရေးအဖွဲ့က အသက် ၂၉ နှစ်အရွယ် ကိုဆန်းဟာ ရူးကြောင်နေတဲ့ပုံစံရှိပြီး သူ့ကို တရားဥပဒအရအရေးယူဖို့ ကော့ဖငန်းကျွန်း နယ်မြေရဲစခန်းဆီကို လွှဲပြောင်းခဲ့တယ်လို့ ဆိုပါတယ်။
Source: CIB ဗဟိုရဲတပ်ဖွဲ့ / CH7 TV News











