DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်အစိုးရ ရက်ပေါင်း  ၁၀၀ အတွင်း  ငရဲခန်း ဖြတ်သန်းနေရတဲ့ အညာဒေသ
DVB
·
June 26, 2026
Photo : DVB
Photo : DVB
Donate to DVB

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရားမဝင် ရွေးကောက်ပွဲကတဆင့် မိမိဘာသာ သမ္မတအဖြစ် ပြန်ခန့်လိုက်တာ ၃ နီးပါးရှိပါပြီ။ စစ်ခေါင်းဆောင်ဟာ သူ သမ္မတအဖြစ် ကျမ်းကျိန်ခါစကတည်းက ပြည်တွင်းငြိမ်းချမ်းရေးအကောင်အထည်ဖော်မယ်လို့ ကတိပြုခဲ့ပါ တယ်။

ဒီမိုကရေစီနိုင်ငံတွေမှာတော့ အစိုးရသစ်တက်လာတဲ့အခါ ပထမဆုံးရက် ၁၀၀ အတွင်းမှာ ယေဘုယျအားဖြင့် ရွေးကောက်ပွဲကတိကဝတ်တွေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတွေအတွက် အကျိုးရှိရာရှိကြောင်း အစီအစဉ်တွေကို အကောင်အထည်ဖော်ပြလေ့ ရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်ဝတ်စုံချွတ်ပြီး ကိုယ့်ကိုယ်ကိုယ် သမ္မတအဖြစ်ပြန်ခန့်ကာ အစိုးရသစ်ဖွဲ့ ခဲ့တဲ့ စစ်အာဏာရှင်ရဲ့ ရက် ၁၀၀  ကာလအတွင်းမှာတော့ မြန်မာနိုင်ငံက ပြည်သူတွေ အထူးသဖြင့်  အလယ်ပိုင်း အညာဒေသမှာ ဘယ်လိုတွေ ဖြစ်ပျက်နေပြီး ပြည်သူတွေ ဘာတွေ ခံစားနေရလဲဆိုတာ ကြည့်ရအောင်ပါ။ 

အခုတင်ပြမယ့် အချက်တွေက DVB ကကောက်ယူထားတဲ့ အချက်အလက်တွေကို အခြေခံပြီး တင်ပြမှာဖြစ်ပါတယ်။ DVB အနေနဲ့ လွတ်လပ်တဲ့ သတင်းဌာနတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း တွေရဲ့ ထုတ်ပြန်ချက်တွေကို စိစစ်ပြီး ဒီအချက်အလက် မှတ်တမ်းတင် စုဆောင်းထားတာ ဖြစ်ပါတယ်။ 

ပထဝီဝင်အနေအထားအရ ယနေ့ခေတ် အညာဒေသကို မြို့နယ် ၅၄ ခုနဲ့ ပိုင်းခြားသတ်မှတ်နိုင်ပြီး စစ်ကိုင်းတိုင်းတောင်ပိုင်း၊ မန္တလေးတိုင်း အနောက်ပိုင်းနဲ့ အလယ်ပိုင်း၊ နေပြည်တော်ရဲ့ မြောက်ပိုင်းနဲ့ မကွေးတိုင်းထဲက မြို့နယ်အများစု ပါဝင်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတ ဖြစ်ပြီး ၃ လနီးပါးအတွင်း အတိအကျပြောရရင် ၂၀၂၆ ဧပြီ ၁၀ ရက်ကနေ ဇွန် ၂၄ ရက် အထိအတောအတွင်းမှာ အညာဒေသကို စစ်တပ်က ၇၄၁ ကြိမ်တိုက်ခိုက်ခဲ့လို့ အရပ်သား ၁၈၉ ယောက်သေဆုံးခဲ့ပြီး  ၂၅၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အများစုက လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တာပါ။

လေကြောင်းတိုက်ခိုက်မှုဒဏ်ခံရခြင်း

လေကြောင်းတိုက်ခိုက်မှုဒဏ်ကို  ပေါက်၊ မြိုင်၊  ချောင်းဦး၊ မုံရွာ၊ ဝက်လက်နဲ့ ရွှေဘိုဘက်တွေမှာ ပိုခံရတာကို မြင်တွေ့ရပါတယ်။

စစ်ဘေးရှောင်တွေ ခိုလှုံတဲ့ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ လူနေကျေးရွာတွေကို လူအများအိပ်မောကျချိန်ဖြစ်တဲ့ သန်းခေါင်ကျော်အချိန်တွေမှာများသောအားဖြင့် လေကြောင်းကနေ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတာပါ။

ဒီ ၃ လအတွင်း အညာဒေသကို လေကြောင်းတိုက်ခိုက်မှုအကြိမ်‌ရေ ၁၅၆ ကြိမ်လုပ်ခဲ့တာကြောင့် ပြည်သူ ၂  ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။

လက်နက်ကြီးပစ်ခတ်မှုဒဏ်ခံရခြင်း 

လက်နက်ကြီးဒဏ်တွေကိုတော့ ပုလဲ၊ ယင်းမာပင်၊ မုံရွာနဲ့ ရွှေဘို၊ ရေဦးဘက်တွေက အများဆုံးခံရတာကို တွေ့ရပါတယ်။ တိုက်ပွဲဖြစ်နေတာမရှိဘဲ ရေဦးမြို့အခြေစိုက် စစ်တပ်စခန်း ကနေ ကျေးရွာဘက်တွေကို ၁၂၀ မမ အပါအဝင် လက်နက်ကြီးတွေ နဲ့ ရမ်းသန်း ပစ်လိုက်လို့ ရေဦးကျေးရွာထဲက လူနေအိမ်တအိမ်ကို လက်နက်ကြီးကျပြီး ကလေးငယ်တွေ အပါအဝင် ၅ ယောက် မနည်းသေဆုံးခဲ့ပါသေးတယ်။ ဒီ ၃ လအတွင်း အညာကို လက်နက်ကြီးနဲ့ ၄၈ ကြိမ်ပစ်ခဲ့လို့ ပြည်သူ ၇ ယောက် သေဆုံးပြီး ၂၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။

 စစ်ကြောင်းထိုးခြင်း  

မင်းတုန်း၊ မင်းလှ၊ စလင်း၊ ပခုက္ကူ၊ တောင်သာ၊ မြိုင်၊ ပုလဲ၊  ယင်းမာပင်၊  ချောင်းဦး၊ မြင်းမူနဲ့ မြင်းခြံဘက်တွေက စစ်ကြောင်းအများဆုံးဝင်တဲ့နေရာတွေအဖြစ် မြင်တွေ့နိုင်ပါတယ်။ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းတွေဟာ "ဖြတ်လေးဖြတ်" စစ်ဆင်ရေးတွေနဲ့ ညဘက်တွေမှာ စစ်ကြောင်းထိုးပြီးအရပ်သားတွေကို ပိတ်ဖမ်းကာ ဖမ်းမိတဲ့သူတွေကို စစ်ကြောင်းရှေ့ကနေ လူသားဒိုင်းအဖြစ် အသုံးပြုကြပါတယ်။ ဒီ ၃ လအတွင်း အညာဒေသကို ၁၈၈ ကြိမ်စစ်ကြောင်းထိုးခဲ့လို့ ပြည်သူအယောက် ၇၀ သေဆုံးပြီး ၉ ယောက် ဒဏ်ရာရခဲ့ပါတယ်။

 ရွာမီးရှို့ခြင်း 

ချောက်၊ တောင်သာ၊  ဝမ်းတွင်း၊ ပခုက္ကူ ဘက်တွေမှာတော့ ရွာမီးရှို့ဖျက်ဆီးခံရတာ အများဆုံးနေရာတွေ အဖြစ်တွေ့ရပါတယ်။ ၂၀၂၆ ခုနှစ်အတွင်း စစ်တပ်ရဲ့ ရွာမီးရှို့တဲ့ပုံစံဟာ အရင်နှစ်တွေထက်စာရင် "ဒရုန်းနဲ့ လမ်းရှင်း၊ ညဘက် စစ်ကြောင်းသွင်း၊ ပြီးမှ မီးရှို့" တဲ့ ပုံစံကို ပိုသုံးလာပါတယ်။ သန်းခေါင်ယံအချိန်တွေမှာ ဝင်စီးပြီး မီးရှို့လေ့ရှိတာကြောင့် ဒေသခံတွေဟာ ကိုယ်လွတ်ရုန်းပြေးခဲ့ရပြီး အဝတ်တထည် ကိုယ်တခုနဲ့ စစ်ဘေးဒုက္ခသည်ဘဝကို ရောက်ရှိသွားကြရတာ များပါတယ်။

လက်ရှိ မြိုင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စစ်တပ်ရဟတ်ယာဉ်တစင်းကို ဒရုန်းနဲ့ တိုက်ခံရပြီးနောက် အခု မြေပြင်စစ်ကြောင်းတွေဟာ ကာကွယ်ရေးတပ်ဖွဲ့တွေ ခိုလှုံနိုင်ခြေရှိတဲ့ ကျေးရွာတွေကို ပစ်မှတ်ထားပြီး မီးရှို့ဖျက်ဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒီ ၃ လအတွင်း စစ်တပ်စစ်ကြောင်းက အကြိမ် ၆၅ ကြိမ် ရွာတွေမီးဝင်ရှို့ခဲ့လို့ ပြည်သူ ၆ ယောက်သေဆုံးခဲ့ရပါတယ်။

ဒါအပြင် စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့တာတွေလည်းရှိခဲ့ပြီး  နွားထိုးကြီး၊ မြင်းခြံ၊ ငါးဇွန်၊ မုံရွာ၊ စလင်း၊ နတ်မောက်၊ ငဖဲနဲ့ မင်းတုန်းဘက်တွေမှာ ပိုပြီး ထိတွေ့ တိုက်ပွဲတွေ အဖြစ်များခဲ့ပါတယ်။ တိုက်ပွဲတွေထဲက မြိုင်မြို့နယ် သရက်ကန် ပျူစောထီးစခန်းကို တော်လှန်ရေးမဟာမိတ်တပ်တွေက ဝင်တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၄၉ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီတိုက်ပွဲကိုတော့ တမာမြေ စစ်ဆင်ရေးလို့ လူသိများကြပါတယ်။ ဒီ ၃ လအတွင်း တိုက်ပွဲပေါင်း ၁၅၆ ကြိမ်ဖြစ်ခဲ့ပြီး တိုက်ပွဲတွေကြောင့် ပြည်သူ ၂ ယောက်သေဆုံးခဲ့ကာ ၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒါက DVB Data Team ကကောက်ယူထားတဲ့ အချက်အလက်တွေပါ။ မြေပြင်မှာတော့ ဒီထပ်ပိုများကောင်းများနိုင်ပါတယ်။ ရရှိနိုင်သမျှ သတင်းအချက်အလက်တွေကို အခြေခံပြီး ပြုစုထားပေမဲ့ ဖြစ်စဉ်အားလုံးကို မှတ်တမ်းတင်နိုင်ဖို့ အခက်အခဲရှိတာကို ဂရုပြုသင့်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးကတော့ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လကနေ အခုနှစ် ဇန်နဝါရီလအထိ ၆ လတာ ကာလအတွင်း မြန်မာစစ်အာဏာရှင်တပ်ရဲ့ လက်ချက်ကြောင့် အရပ်သား သေဆုံးသူ အနည်းဆုံး ၇၀၀ ကျော်  ရှိခဲ့တယ်လို့ ဇွန် ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။ 

ကုလသမဂ္ဂ အထူးသံတမန် ဂျူလီဘစ်ရှော့ပ်ကလည်း မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆိုးရွားဆုံး ငတ်မွတ်ခေါင်းပါးမှု ကြုံတွေ့နေရတဲ့ ထိပ်သီး ၆ နိုင်ငံ စာရင်းထဲ ကျရောက်သွားခဲ့ကာ နိုင်ငံအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ပြည်သူ ၃ ဒသမ ၇ သန်းကျော် ရှိနေတယ်လို့ စစ်အာဏာသိမ်းမှုအပြီး ၅ နှစ်ကျော်အကြာမှာ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဇွန် ၁၉ ရက်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အစီရင်ခံတင်ပြသွားပါတယ်။ 

မြန်မာနိုင်ငံဟာ ပြိုလဲလုနီးပါး ဖြစ်နေပြီး လူသားချင်းစာနာမှုဆိုင်ရာ ဒုက္ခဆင်းရဲ အကျပ်အတည်းနဲ့ ရာဇဝတ်မှုတွေဟာ ကမ္ဘာ့စံချိန်တင် အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေတယ်၊ မြန်မာနိုင်ငံမှာ စက်မှုဇုန်တခုလို လုပ်ကိုင်နေတဲ့ အွန်လိုင်းလိမ်လည်မှု (Scam) လုပ်ငန်းတွေ ကျယ်ပြန့်လာပြီး အဆင့်မြင့် စိတ်ကြွရူးသွပ်ဆေးပြားနဲ့ ဘိန်းဖြူတွေ နိုင်ငံတကာကို အဓိက ထောက်ပံ့နေတဲ့နိုင်ငံ ဖြစ်လာသလို တချိန်တည်းမှာပဲ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု ကမ္ဘာ့အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေတယ်လို့ ဆိုပါတယ်။

မောရစ် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013