DVB Logo
Home
မြန်မာသတင်း
လစာတိုးမည့် သတင်းထွက်ပေါ်နေ၊ ထိရောက်သည့် ပမာဏ မဟုတ်ဟု ဝန်ထမ်းများ ဝေဖန် 
ဝေဝေ
·
September 21, 2026
Photo: CJ (ပုံဟောင်း)
Photo: CJ (ပုံဟောင်း)
Donate to DVB

စစ်အာဏာရှင်အစိုးရက ဝန်ထမ်းနဲ့ ပင်စင်စားတွေကို လစာတိုးပေးမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး တိုးပေးမယ်ဆိုတဲ့ ကျပ် ၃၀,၀၀၀ ဟာ လုံလောက်တဲ့ပမာဏ မဟုတ်ကြောင်း ဝေဖန်ပြောဆိုနေကြပါတယ်။ 

လက်ရှိ စစ်အာဏာရှင်ရဲ့ ဝန်ထမ်းတွေနဲ့ ပင်စင်စားတွေအတွက် လစာနဲ့ ထပ်ဆောင်းထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ တိုးမြှင့်ပေးမယ်လို့ စစ်တပ်ဝါဒဖြန့်သတင်းချန်နယ်တွေနဲ့ တစ်တော့တွေမှာ ဖြန့်ဝေနေပေမဲ့ စက်တင်ဘာ ၂၁ ရက်ထိတော့ တရားဝင်ထုတ်ပြန်ချက်နဲ့ ဌာနတွင်း အကြောင်းကြားစာတော့ မရှိသေးကြောင်း သိရပါတယ်။

အမှန်တကယ် ဝန်ထမ်းနဲ့ ပင်စင်လစာတွေ တိုးမြှင့်ပေးမယ်ဆိုရင်တောင် ထိရောက်တဲ့ ငွေကြေးပမာဏမဟုတ်ဘူးလို့ ဝေဖန်ပြောဆိုနေကြပါတယ်။

ပင်စင်စား ဝန်ထမ်းဟောင်းတယောက်က “ပင်စင်စားတွေကို ထပ်ဆောင်း ၃၀,၀၀၀ ထောက်ပံ့ပေးမယ်လို့ ကြားနေတာပဲရှိတာ တရားဝင်တော့ စာမထွက်သေးပါဘူး။ ၃၀,၀၀၀ ကျပ်က လက်ရှိ ကုန်ဈေးနှုန်းနဲ့စာရင် တလရဲ့ ဆပ်ပြာမှုန့်နဲ့ သွားတိုက်ဆေးဖိုးပဲ ရှိတယ်။ အဲဒီ ၃၀,၀၀၀ လေးနဲ့ ဘာလုပ်လို့ရမှာလဲ ဆန်ဈေး၊ ဆီဈေးက အစ အကုန်လုံး တက်နေတာကို ဘယ်လိုမှ ၃၀,၀၀၀ နဲ့က ဒီအခြေအနေနဲ့က အဆင်မပြေဘူး၊  ဘယ်လိုမှကို အဆင်မပြေနိုင်ဘူး။ အဲဒါကြောင့်  ၃၀,၀၀၀ ပေးမဲ့အတူတူ မပေးတာဘဲ ကောင်းသေးတယ် ထင်တာပဲ” လို့ ပြောပါတယ်။

နိုင်ငံ့ဝန်ထမ်းနဲ့ ပင်စင်စားတွေကို ကျပ် ၃၀,၀၀၀ စီ ထပ်မံတိုးမြှင့်ပေးပြီး နေ့စား အလုပ်သမားတွေကိုလည်း တရက်လုပ်အားခ ကျပ် ၇,၈၀၀ အထိ တိုးမြှင့်သတ်မှတ်ထားကာ လာမဲ့ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက်ကစပြီး ခံစားခွင့်ပြုမယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။

လက်ရှိ နိုင်ငံဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူတွေကိုလည်း ဌာနတွင်း တရားဝင် အကြောင်းကြားစာ ပေးပို့လာတာ မရှိသေးကြောင်းကိုလည်း သိရပါတယ်။ 

​ရန်ကုန်မြို့မှ ကျောင်းဆရာမတယောက်က “တရားဝင်စာတော့ မထွက်သေးဘူး။ လစာတိုးလာလည်း မလောက်ပါဘူး။ ကျမက အလုပ်ထွက်ချင်နေပြီ။ လောက်မှ မလောက်တာ။ လစာက ၃ သိန်း။ စားစရိတ်က တလ ၆ သိန်းကုန်တာ။ ဒါ​တောင် ဆေးဖိုး၊ လူမှုရေးဖိုး မပါသေးဘူး။ ဈေးတွေက တအားတက်တာ။ ဒါ​တောင် ​ချွေတာသုံးတာ။ အခုအ​ခြေအ​နေက တလ ၁၀ သိန်းလောက် ဝင်ငွေရှိမှ အဆင်ပြေမှာ။ ၃၀,၀၀၀ တိုးလို့ ဘာလုပ်လို့ရမှာလဲ” လို့ ပြောပါတယ်။

၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်တုန်းကတော့ နိုင်ငံ့ဝန်ထမ်းတွေနဲ့ တပ်မတော်(ကြည်း၊ ရေ၊ လေ) ဝန်ထမ်းတွေကို အပိုထောက်ပံ့ကြေးအဖြစ် တလ ၃၀,၀၀၀ ကျပ် ထပ်မံတိုးမြှင့်ပေးခဲ့တာကြောင့် အပိုထောက်ပံ့ကြေး စုစုပေါင်း ၉၀,၀၀၀ ကျပ်အထိ ရရှိခဲ့ပါတယ်။ 

အငြိမ်းစားဝန်ထမ်းတွေကိုလည်း တလ ကျပ် ၃၀,၀၀၀ ထပ်မံတိုးမြှင့်ပေးခဲ့တာကြောင့် အပိုထောက်ပံ့ကြေး စုစုပေါင်း ကျပ် ၆၀,၀၀၀ ရရှိခဲ့ပြီး နေ့စားလုပ်သားတွေကိုတော့ တရက် ကျပ်  ၁,၀၀၀  ထပ်မံတိုးမြှင့်ပေးခဲ့တာကြောင့် တရက်လုပ်အားခ ကျပ်  ၇,၈၀၀  အထိ ရရှိခဲ့ပါတယ်။

ဒါ့ကြောင့် အခုထွက်ပေါ်နေတဲ့ သတင်းတွေဟာ ၂၀၂၅ ခုနှစ်တုန်းက ထုတ်ပြန်ချက် သတင်းအဟောင်းတွေကို ပြန်လည်ဖြန့်ဝေတာလို့လည်း ဝေဖန်ပြောဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013