DVB Logo
Home
မြန်မာသတင်း
ရခိုင်မြောက်ပိုင်းအရေး ထုတ်ပြန်ချက်များကို စစ်အာဏာရှင် ကန့်ကွက်
DVB
·
September 3, 2026
ရခိုင်မြောက်ပိုင်းအရေး ထုတ်ပြန်ချက်များကို စစ်အာဏာရှင် ကန့်ကွက်
Donate to DVB

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေမှာ အာဆာ အကြမ်းဖက်တွေရဲ့ လုပ်ရပ်တွေကို လျစ်လျူရှုပြီး နိုင်ငံရေးအကျိုးအမြတ်အတွက် ထုတ်ပြန်ချက်တွေ၊ သတင်းဖော်ပြချက်တွေကို ပယ်ချတယ်လို့ စစ်အာဏာရှင် လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေရဲ့ အရင်းခံအကြောင်းတရားတွေနဲ့ မြေပြင် ပကတိအခြေအနေမှန်တွေကို အသိအမှတ်မပြုဘဲ နိုင်ငံတချို့ရဲ့ နိုင်ငံရေးလှုံ့ဆော်မှုအရ ထုတ်ပြန်တဲ့ ကြေညာချက်တွေ၊ ထုတ်ပြန်ပြောကြားချက်တွေနဲ့ လူမှုကွန်ရက် မီဒီယာ အပါအဝင် သတင်းဖော်ပြချက်တွေကို မြန်မာနိုင်ငံက ပယ်ချသည်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရခိုင်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေဟာ အာဆာ အကြမ်းဖက်အဖွဲ့ရဲ့ အကွက်ချ တိုက်ခိုက်ခဲ့မှုကြောင့် ဖြစ်ပေါ်လာတဲ့အချက်ကို ကြေညာချက်တွေနဲ့ ထုတ်ပြန်ပြောကြားချက်တွေမှာ အသိအမှတ်ပြုဖို့ ပျက်ကွက်နေသလို ကမ္ဘာ့နိုင်ငံတချို့က အာဆာရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို လျစ်လျူရှုထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုထားပါတယ်။

အာဆာအဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ ခြိမ်းခြောက်မှုတွေကြောင့် ဒေသခံတွေက တခြားမြို့ရွာတွေနဲ့ ဘင်္ဂါလီတွေက ဘင်္ဂလားဒေ့ရှ်တို့ကို နေရပ်စွန့်ခွာခဲ့ရတဲ့ အရင်းခံ အကြောင်းတရားနဲ့ မြေပြင် ပကတိအခြေအနေမှန်တွေကို လျစ်လျူရှုပြီး မြန်မာနိုင်ငံရဲ့ ပုံရိပ်နဲ့ ဂုဏ်သိက္ခာကျဆင်းအောင် မလုပ်သင့်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာမရှိတဲ့ လူမျိုးအမည်ကို သုံးစွဲဖော်ပြနေတာကိုလည်း ပြတ်သားစွာ ကန့်ကွက်ကြောင်းနဲ့ ဒီစကားရပ်ကို သုံးပြီး နိုင်ငံရေးအကျိုးအမြတ်အတွက် ထုတ်ပြန်နေတာကို လက်မခံသလို ဒါတွေဟာ နှစ်နိုင်ငံအကြား ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်က သဘောတူခဲ့တဲ့ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးမှာ အပြုသဘောဆောင်တဲ့ အထောက်အပံ့ဖြစ်မှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိနေသူအားလုံးကို မြန်မာနိုင်ငံကလို့ ပြောဆိုချက်ကိုလည်း စိုးရိမ်မကင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်မံပြောဆိုထားပါတယ်။

အာဆာ အကြမ်းဖက်တွေက ၂၀၁၆ ခုနှစ် အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကနဦး ကျူးလွန်ခဲ့သလို ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်မှာလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းက လုံခြုံရေးစခန်း ၃၀ နဲ့ တပ်ရင်းဌာနချုပ်တခုတို့ကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အစိုးရဝန်ထမ်းတွေနဲ့ ပြည်သူတွေ သေဆုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်လို့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ (RoE) နဲ့အညီ တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်အဆက်ဆက်ရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်က  ဒုက္ခသည်စခန်းတွေမှာ ၂၀၁၇ ခုနစ်မတိုင်ခင် ၁၀ စုနှစ်တွေကတည်းက သိန်းနဲ့ ချီတဲ့ ရိုဟင်ဂျာတွေ ခိုလှုံနေထိုင်နေကြတာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်  မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်း စစ်ဆင်ရေးအပြီး နေရပ်စွန့်ခွာ ထွက်ပြေးလာပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ လူဦးရေဟာ ၁ ဒသမ ၃ သန်းအထိ ရှိလာနေပြီလို့ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကတော့ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။   

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013