
စစ်အာဏာရှင်အစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ စက်တင်ဘာ ၁၅ ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ရဲ့ အတွင်းရေးမှူး (၁) စဝ်စိုင်းငင်းက ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီရဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းရေးနဲ့ လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်မထားတဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တရားဝင်ဖိတ်ခေါ်တာကို ကြိုဆိုတယ်လို့ ဆိုပါတယ်။
ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ယခင် သဘောတူညီထားတဲ့အပိုင်းတွေကို လိုက်နာပြီး ရှေ့ဆက် အကောင်အထည်ဖော်မဲ့ နည်းလမ်းတွေကို ဆွေးနွေးပေးဖို့နဲ့ ယခင် ချုပ်ဆိုထားတဲ့ စာချုပ်တွေကို လိုက်နာဆောင်ရွက်ခဲ့သလို ယုံကြည်မှု တည်ဆောက်နိုင်မှ ငြိမ်းချမ်းရေးလုပ်ငန်း ရှေ့ဆက်နိုင်မှာဖြစ်လို့ နည်းလမ်းမျိုးစုံနဲ့ ဆက်သွယ် ဆောင်ရွက်ပေးဖို့ ပြောပါတယ်။
ငြိမ်းချမ်းရေးလုပ်နေတဲ့ ကာလအတွင်း ပြည်သူတွေ နေရပ်ပြန်လာရေးနဲ့ ပြန်လည်ထူထောင်ရေး အစီအမံတွေကို ဆောင်ရွက်ပေးဖို့ လိုကြောင်းနဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကူညီဆောင်ရွက်နေပေးနေသလို မူးယစ်ဆေးဝါးနဲ့ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးတို့မှာလည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စဝ်စိုင်းငင်းက ဆိုပါတယ်။
အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) အနေနဲ့ ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ မိုင်းလားအဖွဲ့ဖြစ်တဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) တို့နဲ့လည်း တွေ့ဆုံဆွေးနွေးထားပါတယ်။











