
အမေရိကန်နဲ့ အီရန်တို့ ငြိမ်းချမ်းရေး ရယူနိုင်တော့မဲ့ အခြေအနေတွေကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးဟာ တစည်ကို ၈၀ ဒေါ်လာအောက် ပြန်လည်ကျဆင်းသွားပါတယ်။
ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ပေးတော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေအပြင် အီရန်ရေနံတွေအပေါ် အမေရိကန်က ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် ဇွန် ၁၆ ရက်မှာ ရေနံဈေး ၅ ရာခိုင်နှုန်းကျော်အထိ ထိုးကျသွားတာပါ။
နိုင်ငံတကာစံနှုန်းဖြစ်တဲ့ ဘရန့်ရေနံစိမ်းဈေးဟာ ၅ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းပြီး ၇၈ ဒသမ ၉၆ ဒေါ်လာမှာ ပိတ်ခဲ့သလို အမေရိကန် WTI ရေနံဈေးကလည်း ၅ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းပြီး ၇၆ ဒသမ ၀၅ ဒေါ်လာကို ရောက်ရှိခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက ပိတ်ထားခဲ့ရတဲ့ ဟော်မုဇ်ရေလက်ကြားကနေ အခုဆိုရင် ရေနံတင်သင်္ဘော ၃ စီးနဲ့ ကုန်တင်သင်္ဘော ၂ စီး ဖြတ်သန်းသွားပြီလို့ အီရန်မီဒီယာတွေက ဖော်ပြပါတယ်။
ဒါပေမဲ့ ရေလက်ကြားမှာ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နိုင်ဖို့ အချိန်ယူရဦးမယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
“သဘောတူညီချက်ကို တရားဝင် လက်မှတ်မထိုးရသေးပေမဲ့ စျေးကွက်တွေမှာတော့ ငြိမ်းချမ်းရေးရဲ့ အကျိုးအမြတ်တွေကို တွေ့နေရပြီ” လို့ XTB ကုန်သွယ်ရေးအဖွဲ့ရဲ့ သုတေသနညွှန်ကြားရေးမှူး ကက်သလင်း ဘရုခ်စ်က ပြောပါတယ်။
အမေရိကန် ဝေါစထရိ စတော့ဈေးကွက်မှာ Dow အညွှန်းကိန်းက စံချိန်တင် မြင့်တက်ခဲ့ပေမဲ့ S&P 500 နဲ့ Nasdaq တို့ကတော့ အနည်းငယ် ကျဆင်းခဲ့ပါတယ်။
တခြားဘဏ္ဍာရေးသတင်းတွေအရ အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌသစ် ကယ်ဗင် ဝါ့ရှ်ဟာ ဇွန် ၁၆ ရက်က သူ့ရဲ့ ပထမဆုံး မူဝါဒရေးရာ အစည်းအဝေးကို စတင်ခဲ့ပြီး အတိုးနှုန်းတွေကို ဆက်လက် ထိန်းထားဖို့ ရှိနေပါတယ်။
ဂျပန်ဗဟိုဘဏ်ကလည်း ၁၉၉၅ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအနေနဲ့ အတိုးနှုန်းကို တိုးမြှင့်လိုက်ပါတယ်။
Source: Reuters










