
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို သိသိသာသာ လျှော့ချဖို့ ပင်တဂွန်ကို အမိန့်ပေးခဲ့ပေမဲ့ ပြုံယမ်းအပေါ်ထားတဲ့ အမေရိကန်ရဲ့ မူဝါဒဟာ ရန်လိုမြဲ ရန်လိုနေတုန်းပဲလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ညီမ ကင်မ်ယိုးဂျုံက ဩဂုတ် ၁၉ ရက်မှာ ပြောပါတယ်။
အမေရိကန်ဘက်က ရုတ်တရက် စစ်ရေးလေ့ကျင့်မှု လျှော့ချမယ်လို့ ကြေညာတာနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးစရာ ဘာတန်ဖိုးမှ မရှိသလို နည်းနည်းမှလည်း စိတ်မဝင်စားဘူးလို့ နိုင်ငံပိုင် KCNA သတင်းဌာနကနေ တဆင့် ပြောသွားတာပါ။
စစ်ရေးလေ့ကျင့်မှု ပမာဏနဲ့ ကြာချိန်ကို လျှော့လိုက်ရုံနဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုတွေရဲ့ ရန်စလိုတဲ့၊ ရန်လိုတဲ့ သဘောတရားက ပြောင်းလဲမသွားဘူးလို့လည်း ဆိုပါတယ်။
ဒါပေမဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်နှစ်ယောက်ကြား ဆက်ဆံရေးကတော့ “တကယ်ကို ကောင်းမွန်နေဆဲ” ဖြစ်ပြီး မြောက်ကိုရီးယား နိုင်ငံတော်အကြီးအကဲဟာ ထရမ့်ပ် အပေါ် ကိုယ်တိုင်ကိုယ်ကျ အမှတ်တရကောင်းတွေ ရှိနေဆဲပဲလို့ ကင်မ်ယိုးဂျုံက ပြောခဲ့ပါတယ်။
ထရမ့်ပ်ဘက်ကလည်း ကင်မ်ဂျုံအန်းနဲ့ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတာကို ဩဂုတ် ၁၉ ရက်မှာပဲ ထပ်မံအတည်ပြုခဲ့ပြီး အဆက်အသွယ်ပြန်လုပ်ဖို့ ကြိုးပမ်းအပြီးမှာ ကင်မ်ဂျုံအန်းဆီက ပြန်စာရခဲ့သလို လာမဲ့ဆောင်းဦးမှာ လူချင်းတွေ့ဖို့ သူ့လက်ထောက်တွေကို စီစဉ်ခိုင်းထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။
ဒါပေမဲ့ ဝါရှင်တန်ဘက်က ထွက်ပေါ်နေတဲ့ အဲဒီဆက်သွယ်မှုသတင်းတွေနဲ့ ပတ်သက်ပြီး ကင်မ်ယိုးဂျုံ ကတော့ လတ်တလော နှစ်နိုင်ငံခေါင်းဆောင်တွေကြား ဆက်သွယ်ပြောဆိုခဲ့တာမျိုး ဘာမှမသိရှိထားဘူးလို့ ငြင်းဆိုထားပြီး ဒါဟာ အထက်ခေါင်းဆောင်ပိုင်းရဲ့ နိုင်ငံခြားရေးမူဝါဒမှာ သူ မသိတဲ့ ကိစ္စတရပ်လည်း ဖြစ်တယ်လို့ ပြောသွားပါသေးတယ်။
တဖက်မှာလည်း ထရမ့်ပ်က ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ လျှော့ချဖို့ အမိန့်ပေးခဲ့ရုံတင်မကဘဲ ဟော်မုဇ် ရေလက်ကြားကိစ္စမှာ အမေရိကန်ကို တောင်ကိုရီးယားဘက်က ကူညီထောက်ပံ့မှု မရှိတာကိုပါ ထုတ်ဖော်ဝေဖန်ခဲ့ပါတယ်။
ဒါ့အပြင် ကင်မ်ယိုးဂျုံက ဒီထုတ်ပြန်ချက်မှာပဲ ယူကရိန်းစစ်ပွဲအတွက် မြောက်ကိုရီးယားက တပ်ဖွဲ့ဝင်တွေ ထပ်မံစေလွှတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကိုပါ ငြင်းဆိုခဲ့ပါတယ်။
ဇလန်းစကီး ဖန်တီးဖြန့်ဝေနေတဲ့ ဒီစွပ်စွဲချက်ဟာ ကိယက်ဗ်ဘက်က လုပ်ကြံထားတဲ့ လုံးဝ အခြေအမြစ်မရှိတဲ့ ပုံပြင်ပဲဖြစ်ပြီး ယူကရိန်း ပဋိပက္ခ စတင်ဖြစ်ပွားရတာနဲ့ ကာလရှည်ကြာနေရတဲ့ တာဝန်အပြည့်အဝဟာ အခြေအနေတွေ ဖန်တီးပေးပြီး ဆက်လက် လှုံ့ဆော်ပေးနေတဲ့ အမေရိကန်နဲ့ အနောက်အုပ်စုမှာပဲ ရှိတယ်လို့ ထပ်လောင်း ပြောဆိုသွားပါတယ်။
Source: Reuters











