
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ စစ်တပ်ကို ခေတ်မီအောင်လုပ်ဖို့ တိုက်တွန်း လိုက်ပြီး သူတို့ရဲ့ နျူကလီးယားတပ်ဖွဲ့တွေကို “အရေအတွက်ရော အရည်အသွေးပါ” တိုးချဲ့သွားဖို့ ဆုံးဖြတ်လိုက်တယ်လို့ အစိုးရရုပ်သံ KRT က ဇူလိုင် ၁၀ ရက်မှာ ကြေညာပါတယ်။
အခုလို ဆုံးဖြတ်ချက်တွေနဲ့ ကင်မ်ဂျုံအန်းရဲ့ ပြောကြားချက်တွေဟာ ဇူလိုင် ၉ ရက်က လုပ်ခဲ့တဲ့ အာဏာရ အလုပ်သမားပါတီ ဗဟိုစစ်ကော်မရှင်ရဲ့ တိုးချဲ့အစည်းအဝေးမှာ ထွက်ပေါ်လာတာလို့ KRT က ဆိုပါတယ်။
ခြိမ်းခြောက်မှုအားလုံးကို ထိန်းချုပ်နိုင်တဲ့ အင်အားတောင့်တင်းတဲ့ စစ်တပ်တခုကို တည်ဆောက်နိုင် မှသာ မြောက်ကိုရီးယားရဲ့ လုံခြုံရေးနဲ့ “စစ်မှန်တဲ့ ငြိမ်းချမ်းရေး”ကို အာမခံနိုင်လိမ့်မယ်လို့ ကင်မ်ဂျုံအန်းက ပြောခဲ့ကြောင်း သတင်းမှာ ဖော်ပြပါတယ်။
ဒီအစည်းအဝေးမှာ တိုက်ခိုက်ရေးစနစ်တွေရဲ့ နည်းပညာပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံတွေကို အဆင့်မြှင့်တင်ဖို့၊ နျူကလီးယားတပ်ဖွဲ့တွေကို အင်အားတိုးချဲ့ဖြည့်တင်းဖို့နဲ့ စစ်အခြေစိုက်စခန်း တွေကို စံချိန်စံညွှန်းမီ ခေတ်မီအထူးပြုစခန်းတွေဖြစ်အောင်လုပ်ဖို့ အစီအစဉ်တွေ ချမှတ်ခဲ့ကြတယ် လို့ KRT က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယား စစ်ထောက်လှမ်းရေးအေဂျင်စီဖြစ်တဲ့ အထွေထွေထောက်လှမ်းရေး ဗျူရိုရဲ့ ထောက်လှမ်းရေးနဲ့ သတင်းအချက်အလက် စုဆောင်းနိုင်စွမ်းကို မြှင့်တင်ဖို့အတွက် သူတို့ရဲ့ အခန်းကဏ္ဍကို တိုးချဲ့ဖို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သတင်းမှာ ဆိုထားပါတယ်။
ရေတပ်ရဲ့ အဆင့်အတန်းနဲ့ အခန်းကဏ္ဍမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ရှိလာတာကို ထင်ဟပ်တဲ့ အနေနဲ့ ခေတ်မီရေတပ်စခန်းတွေ တည်ဆောက်ရေးနဲ့ သင်္ဘောကျင်းတွေရဲ့ လုပ်နိုင်စွမ်းကို မြှင့်တင်ရေးကိစ္စရပ်တွေကိုလည်း ဒီအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတယ်လို့ KRT က ဖတ်ကြား သွားပါတယ်။
Source: Reuters










