
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် နှပ်ချိုပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသား ဖော်ပြသွားမှာ ဖြစ်ပါတယ်။
နှပ်ချိုပင်ကို သိပ္ပံလို Baliospermum montanum, Baliospermum solanifolium လို့ခေါ်ပြီး အင်္ဂလိပ်လို red physic nut, wild castor, wild croton, wild sultan seed လို့ ခေါ်ကြပါတယ်။
နှပ်ချိုပင်မှာ Baliospermin, Montanin, Axillarenic acid, Triterpene, Flavonoid, quercetin, kaempferol စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပါတယ်။
ဒါ့အပြင် ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ အစာကြေစေခြင်း၊ ဝမ်းပျော့ဆေး အာနိသင်ရှိခြင်း၊ သန်ကောင် တုတ်ကောင်ကို တိုက်ဖျက်ခြင်း၊ ကပ်ပါးပိုးကို တိုက်ဖျက်ခြင်း၊ ပိုးသတ်ဆေး အာနိသင်ရှိခြင်း၊ အသည်းကို ကာကွယ်ပေးခြင်း၊ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးခြင်း အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ ကိုယ်ဝန်ကို ဆန့်ကျင်ခြင်း၊ အနာကျက်စေခြင်း စတဲ့ အာနိသင်များ ရှိပါတယ်။
ဆေးဖက်ဆိုင်ရာမှာ နှပ်ချိုပင်ရဲ့ အမြစ်၊ အရွက်၊ အစေ့၊ အစေ့ဆီတို့ကို သုံးစွဲကြပါတယ်။ ဝမ်းချုပ်ခြင်း၊ ဗိုက်ပွခြင်း၊ လေထိုးလေအောင့်ခြင်းတို့မှာ အရွက်နု အသင့်အတင့်ကို အတို့အမြှုပ်လုပ် စားသောက်ခြင်းဖြင့် သက်သာစေပါတယ်။
အရွက်အသင့်အတင့်ကို ပုံမှန်စားသုံးပေးခြင်းဖြင့် လိပ်ခေါင်းရောင်ရမ်းခြင်းကို လျော့ပါးစေပြီး နာကျင်မှုကို သက်သာစေပါတယ်။
သန်ကောင်၊ တုတ်ကောင် ရောဂါများမှာ အရွက်သတ္တုရည် ဟင်းစားဇွန်းတဇွန်းကို ပျားရည်၊ ကော်ဖီ တဇွန်းနဲ့ တနေ့ တကြိမ် ၃ ရက်ခန့် သောက်ပေးခြင်းဖြင့် ပျောက်ကင်းစေပါတယ်။
နာတာရှည် ဝမ်းချုပ်ခြင်းအတွက် အမြစ်ခြောက် ၅ ဂရမ်ခန့် ပြုတ်ရည်ကို မနက် ဗိုက်ထဲမှာ အစာမရှိချိန် သောက်သုံးပေးခြင်းဖြင့် သက်သာစေပါတယ်။
ချွဲသလိပ်ပါတဲ့ ချောင်းဆိုးခြင်း၊ ပန်းနာရင်ကျပ်ရောဂါတို့အတွက် အမြစ်မှုန့် ကော်ဖီတဇွန်းကို ဆနွင်း ကော်ဖီဇွန်းဝက်နဲ့ တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
အဆစ်အမြစ်ရောင်ရောဂါနဲ့ အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်းတွေအတွက် အမြစ်မှုန့်ကို နှမ်းဆီနဲ့ ရောစပ်ပြီး လိမ်းဆေးအဖြစ် အသုံးပြုခြင်းဖြင့် သက်သာစေပါတယ်။
အာရုံကြော နာကျင်ကိုက်ခဲခြင်း၊ လေဖြတ်ခြင်းတို့မှာ အမြစ်ကို ထုထောင်းကာ အရက်နဲ့စိမ်ပြီး လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
မီးဖွားပြီးစ မိခင်တွေ အရွက်အနည်းငယ်ကို ရေနွေးကြမ်းအဖြစ် သောက်သုံးပေးခြင်းဖြင့် ဝမ်းသွားရ လွယ်ကူစေခြင်း၊ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း၊ သွေးသန့်စင်ခြင်း စတဲ့အကျိုးကျေးဇူးများ ရရှိစေပါတယ်။
အနာပိုးဝင်ခြင်းတွေမှာ အမြစ်ပြုတ်ရည်နဲ့ အနာကို ဖန်ဆေး သန့်စင်ပေးနိုင်ပါတယ်။
နှင်းခူ၊ အိုင်းအသားမာနာတွေမှာ အမြစ်အစိုကို ကြိတ်ခြေပြီး ဆေးအနှစ်ကို လိမ်းပေးနိုင်ပါတယ်။
ထိခိုက်ရှနာတွေမှာ အရွက်သတ္တုရည်ကို လိမ်းပေးနိုင်ပါတယ်။
အရွက်ခြောက်ကို ရေနွေးကြမ်းအဖြစ် သောက်သုံးပေးခြင်းဖြင့် ဝမ်းမှန်စေခြင်း၊ အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်း၊ သွေးသန့်စင်ခြင်း၊ အသည်းကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ အဆစ်ရောင်ရောဂါကို ကာကွယ်ပေးခြင်း၊ အသားအရေ ကျန်းမာရေးကို မြှင့်တင်ပေးခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိစေပါတယ်။
(မှတ်ချက်။ ။ အမြစ်အစိမ်းကို သောက်ဆေးအဖြစ် တိုက်ရိုက်မသုံးရပါ။ အမြစ်ကို အခြောက်လှန်းပြီးမှ သောက်ဆေးအဖြစ် သုံးစွဲနိုင်ပါတယ်။)
နှပ်ချိုပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် ဝမ်းဗိုက်နာခြင်း၊ ဝမ်းပျက်ခြင်း၊ မူးဝေခြင်း၊ လှုပ်ရှားမှုအားနည်းခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
ကိုယ်ဝန်ကို ဆန့်ကျင်တဲ့ အာနိသင် ရှိတာကြောင့် ကိုယ်ဝန်ဆောင်နဲ့ သားသမီး ရယူလိုသူ မိခင်လောင်းများ နှပ်ချိုပင်ကို သောက်ဆေးအဖြစ် သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။ နှပ်ချိုပင်နဲ့ ဓာတ်မတည့်သူများ နှပ်ချိုပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်ပါ။
နွေဦးပြည်သူတွေ နှပ်ချိုပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။











