
ပြင်သစ်နိုင်ငံက အထက်တန်းနဲ့ တက္ကသိုလ်ကျောင်းသားတွေဟာ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ လက်ဝဲအစွန်းရောက် အတိုက်အခံအဖွဲ့တွေရဲ့ ထောက်ခံချက်နဲ့ အောက်တိုဘာ ၁၃ ရက်မှာ ထပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
ပါရီမြို့နားက ခရီတေးလ်ကျောင်းခရိုင်မှာ စက်တင်ဘာ ၂၁ ရက်က စတဲ့ ဆန္ဒပြပွဲတွေကြောင့် ဖိအား တွေ ရှိလာပြီးတဲ့နောက် အစိုးရက အစားထိုးဆရာ အယောက် ၃,၀၀၀ ထပ်ခန့်အပ်မယ်လို့ ပြီးခဲ့တဲ့ အပတ်က ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ ဒီဆောင်ရွက်ချက်က မလုံလောက်ဘူးလို့ အတိုက်အခံတချို့နဲ့ ကျောင်းသားလှုပ်ရှားမှု အဖွဲ့ တွေက ယူဆထားကြပါတယ်။
ကျောင်းတွေကို ပိတ်ဆို့ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေဟာ အထူးသဖြင့် လူဦးရေ အလွန်အကျွံ များတဲ့ စာသင်ခန်းတွေနဲ့ ကျပ်တည်းတဲ့ အချိန်ဇယားတွေ၊ ဆရာအင်အား လိုအပ်ချက်တွေအတွက် ကန့်ကွက်ဆန္ဒပြနေကြပြီး တရားဝင် ပလက်ဖောင်းကနေ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်တဲ့ Parcoursup စနစ်ကို ပြုပြင်ပြောင်းလဲဖို့ ဒါမှမဟုတ် လုံးဝဖျက်သိမ်းဖို့ တောင်းဆိုနေကြပါတယ်။
ကျောင်းပိတ်ဆို့မှု အရေအတွက် လျော့နည်းလာပေမဲ့ အာဏာပိုင်တွေက အထက်တန်းကျောင်း တချို့နားမှာ ဖြစ်ရပ်တွေ ဆက်ရှိနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၁၂ ရက်မှာ အမျိုးသားပညာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ကျောင်းပေါင်း ၁၃၀ ပိတ်ထားရပြီး အောက်တိုဘာ ၉ ရက်က ကျောင်းပေါင်း ၁၇၂ ကျောင်း ပိတ်ထားခဲ့ရတာနဲ့ နှိုင်းယှဉ်ရင် ၂၅ ရာခိုင်နှုန်းနီးပါး လျော့နည်းသွားခဲ့တာပါ။
ပါရီ၊ နန်းတက်စ်နဲ့ ပြင်သစ်နိုင်ငံရဲ့ တခြားဒေသတွေမှာလည်း စုဝေးဆန္ဒပြပွဲတွေ ပေါ်ပေါက် ခဲ့ပါတယ်။
Source: Reuters











