
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ကုလသမဂ္ဂ (UN) ရုံးရှေ့မှာ Bright Future အဖွဲ့က ဦးဆောင်ပြီး မြန်မာအလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ စစ်အာဏာရှင်အစိုးရရဲ့ CI စနစ်ဖျက်သိမ်းရေး တောင်းဆို ဆန္ဒပြနေချိန် ထိုင်းအမျိုးသားရေးအဖွဲ့တခုက လာရောက်နှောင့်ယှက်ပြီး ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားသွားမယ်လို့ သိရပါတယ်။
ဘန်ကောက်မြို့ UN ရုံးရှေ့မှာ ထိုင်းရောက် မြန်မာလုပ်သားတွေ စုစည်းထားတဲ့ Bright Future အဖွဲ့ အပါအဝင် မြန်မာအလုပ်သမားတချို့ဟာ စစ်အုပ်စုရဲ့ CI စနစ် ဖျက်သိမ်းရေး၊ ပန်းရောင်ကတ် တမျိုးတည်းနဲ့ နေထိုင်လုပ်ကိုင်ခွင့်ပြုရေးနဲ့ စစ်အုပ်စုထံ အခွန်မဆောင်ရေး စတဲ့အချက်တွေကို နိုဝင်ဘာ ၁ ရက်က တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲဟာ ထိုင်းအာဏာပိုင်တွေဆီကနေ ကြိုတင်ခွင့်ပြုချက်ရယူပြီး တရားဝင်ပြုလုပ်ခဲ့တာ ဖြစ်ပေမဲ့ ဆန္ဒပြပွဲစတင်ပြီး မိနစ် ၂၀ လောက်အကြာမှာပဲ PDRC နဲ့ ဆက်နွှယ်တယ်လို့ ယူဆရတဲ့ “နှုတ်ခမ်းမွှေး” လို့ လူသိများတဲ့ ထိုင်းအမျိုးသားရေးအဖွဲ့ ရောက်လာပြီး ဆန္ဒပြသူတွေကို ကိုယ်ထိလက်ရောက် ထိုးကြိတ် တိုက်ခိုက်ခဲ့ပါတယ်။
Bright Future အဖွဲ့ ဦးဆောင်သူ ဆူရတ်ဂီရိက “ဒီပွဲကို ကျနော်တို့က လုံးဝ လုံလုံခြုံခြုံနဲ့ လုပ်ထားတဲ့ပွဲ ဟုတ်တယ်ဗျာ။ ဘယ်သူ့ကိုမှ အသိမပေးဘဲ တိုးတိုးတိတ်တိတ်လေးနဲ့ စီစဉ်ပြီးမှ လုပ်ထားတာ။ အနေအထားတွေက သာယာ၊ ကောင်းတယ်။ အဲဒါနဲ့ သူတို့က ရုတ်တရက် ရောက်လာပြီးမှ အဲဒီလို ဖြစ်သွားတာ။ ကျနော်တို့ ရှင်းရှင်းပြောမယ်ဆိုရင်၊ ဗမာလိုပြောမယ်ဆို ထိုင်းမဘသ အဖွဲ့ပေါ့နော်။ သူတို့အဖွဲ့တွေက ကျနော်တို့ ဒီမိုအဖွဲ့တွေကို အရင်ကတည်းက မကြည်တာဗျာ။ ကျနော်တို့ တောင်းဆိုတာတွေကို။ နောက်တခုက သူတို့က ပြောချင်တာက ကျနော်တို့က သပိတ်မှောက်ခွင့် မရှိဘူး။ အင်း အဲဒီလိုမျိုး။ အဲဒီဥစ္စာကို သူတို့က ကိုင်ပေါက်တာဗျာ။ ကျနော်တို့က သပိတ်မှောက်ခွင့် မရှိဘူး ဘာညာပေါ့။ ဒါပေမဲ့ ပြောချင်တာ သပိတ်မှောက်ခွင့် ရှိလို့ပဲ ကိုယ်တို့က ခွင့်ပြုချက်ရပြီးမှ သပိတ်မှောက်တာ ဟုတ်တယ်” လို့ ပြောပါတယ်။
ဆန္ဒပြပွဲရဲ့ အဓိကရည်ရွယ်ချက်ဟာ စစ်အုပ်စုက CI စနစ်ကနေ တဆင့် အခွန်ငွေ ၂၅ ရာခိုင်နှုန်း ရယူနေတာကို ကန့်ကွက်ဖို့နဲ့ CI စခန်းတွေ ဖျက်သိမ်းပြီး မြန်မာအလုပ်သမားတွေကို ပန်းရောင်ကတ် တမျိုးတည်းနဲ့ နေထိုင်အလုပ်လုပ်ခွင့်ပြုဖို့ တောင်းဆိုတာဖြစ်တယ်လို့ Bright Future အဖွဲ့က ဆိုပါတယ်။
အခုလို ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်အပေါ် ထိုင်းရဲတပ်ဖွဲ့နဲ့ ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (NHRCT) ထံ တိုင်ကြားသွားမယ်လို့ Bright Future အဖွဲ့ ဦးဆောင်သူ ဆူရတ်ဂီရိက ဆိုပါတယ်။
“ကိုယ်တို့က ဒါကို တိုင်သွားမယ်။ ဥပဒေအရ လုပ်သွားမယ်။ နောက်တခုက ဒီ Human Rights အဖွဲ့တွေဆီ သွားတိုင်မယ်၊ Action တွေ ဆက်လုပ်သွားမယ်ဗျာ။ ပြည်သူလူထုကို ပြောချင်တာကတော့ ကိုယ်တို့က ဆူးခင်းလမ်းကို လျှောက်နေတာ၊ ပန်းခင်းလမ်းကို လျှောက်နေတာ မဟုတ်ဘူး။ ဒါက တော်လှန်ရေး ဟုတ်တယ်။ မင်းအောင်လှိုင်ရဲ့ ငွေကြေးကို ကိုယ်တို့က ဖြတ်တောက်တယ် ဆိုကတည်းက ဒါက လွယ်လွယ်လေးနဲ့ ရမှာ မဟုတ်ဘူးဗျာ။ မင်းအောင်လှိုင်ရဲ့ ငွေကြေးစနစ်ကို ကိုယ်တို့ ဖြတ်တောက်ပြီ ဆိုကတည်းက ဒီ ကျည်ဆန် လက်နက်တွေ၊ ဗုံးတွေ လုံးဝ လျော့နည်းသွားမယ်။”
အခုလို ထိုင်းနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးရှေ့၊ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ကြားကနေ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက် တိုက်ခိုက်ခဲ့တာဟာ လူ့အခွင့်အရေးရှုထောင့်အရ အလွန်အရုပ်ဆိုးတဲ့လုပ်ရပ် ဖြစ်တယ်လို့ မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ MHAC မဟာမိတ်အဖွဲ့က ကိုရဲမင်းက သုံးသပ်ပါတယ်။
“UN လို ရုံးကြီးရှေ့မှာတောင်မှ ဒီလိုမျိုး လူတယောက်ကို ကိုယ်ထိလက်ရောက် ဝိုင်းထိုး၊ ဝိုင်းချတယ်။ ပြီးတော့ ထိုင်းအာဏာပိုင်တွေလည်း ရှိနေတဲ့ ကြားထဲကနေပြီးတော့ပေါ့နော်။ အဲဒီလိုမျိုး လုပ်တာကတော့ ဒါ လူ့အခွင့်အရေးအရ အမြင်အရရော မကောင်းဘူးပေါ့။ ထိုင်းအာဏာပိုင်တွေ အနေနဲ့လည်း သူတို့ ရှိနေရဲ့သားနဲ့ ဒီလိုမျိုး တဖက်က ဘာမှ ပြန်မတုံ့ပြန်တဲ့ လူတယောက်ကို လူအများစုက ဝိုင်းပြီးတော့ ဒီလို ထိုးကြိတ် ကန်ကျောက်တာမျိုးတွေ မြင်တဲ့အတိုင်းပဲပေါ့၊ အဲဒီလိုဖြစ်တဲ့ အခြေအနေမျိုးကတော့ UN လိုမျိုး ရုံးရှေ့မှာဆိုတော့ လူ့အခွင့်အရေးအရရော၊ ဘာရောပေါ့နော် အမြင်မကောင်းဘူးပေါ့နော်၊ အမြင်မသင့်တော်ဘူး လို့တော့ အစ်ကိုတို့က မြင်တယ်။”
အခုလို ဆန္ဒပြနေစဉ် ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ထိုင်းပြည်သူ့ပါတီက ဘန်ကောက်လွှတ်တော်အမတ် ရှေ့နေဂျမ်းကလည်း ပြင်းထန်စွာ ရှုတ်ချခဲ့ပါတယ်။
တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ လူ့အဖွဲ့အစည်းမှာ အခုလိုမျိုး အကြမ်းဖက်မှုတွေ လုံးဝ မဖြစ်သင့်ဘူးလို့ သူက ဆိုပါတယ်။
နောက်ပြီး ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်မှုကို တားဆီးပြီး တိုက်ခိုက်ခံရသူကို ဘေးလွတ်ရာဆီ ခေါ်ဆောင်သွားရုံနဲ့ တာဝန်ပြီးဆုံးတာ မဟုတ်ကြောင်း ပြောဆိုခဲ့သလို ရဲတပ်ဖွဲ့အနေနဲ့ CCTV မှတ်တမ်းတွေ၊ ဗီဒီယိုမှတ်တမ်းတွေနဲ့ တခြား သက်သေအထောက်အထားတွေကို စုဆောင်းစစ်ဆေးပြီး တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူတွေကို ဖော်ထုတ်ကာ ဥပဒေအရ အရေးယူ ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။











