
အီတလီမြို့တော် ရောမမြို့က အထင်ကရ ပွဲကြည့်စင် Colosseum နားမှာ အောက်တိုဘာ ၃၁ ရက်က ဆန္ဒပြသူ အယောက် ၁၀၀ လောက်က တဲပေါင်း ၈၀ လောက် တဲထိုးရင်း စုဝေး သပိတ်စခန်းချနေကြပါတယ်။
ပြည်လုံးကျွတ် သပိတ်မှောက်ဆန္ဒပြပွဲတွေလုပ်ပြီး နောက်တနေ့မှာ နေထိုင်မှုစရိတ် မြင့်တက်လာတာနဲ့ စစ်ရေးအသုံးစရိတ် တိုးမြှင့်ခြင်းတို့ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ဆက်လုပ်ခဲ့ကြပါတယ်။
သောကြာနေ့က လုပ်ခဲ့တဲ့ လူအများအပြားပါတဲ့ ဆန္ဒပြပွဲတွေ ပြီးတဲ့နောက် ကျောင်းသားတွေ၊ အလုပ်သမားတွေနဲ့ အိမ်ရာအခွင့်အရေး လှုပ်ရှားသူတွေဟာ Via dei Fori Imperiali လမ်းမကြီးတလျှောက်မှာ တဲထိုး စခန်းချခဲ့ကြပြီး ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ ဦးဆောင်တဲ့အစိုးရဆီက တုံ့ပြန်ဖြေရှင်းမှုတရပ်ကို တောင်းဆိုခဲ့ကြပါတယ်။
သပိတ်မှောက် ဆန္ဒပြပွဲကို စီစဉ်ဦးဆောင်ခဲ့တဲ့ USB အလုပ်သမားသမဂ္ဂက ဆန္ဒပြသူတွေဟာ စနေနဲ့ တနင်္ဂနွေနေ့တွေ တလျှောက်လုံး ဒီနေရာမှာ ဆက်ရှိနေမယ်လို့ ပြောပါတယ်။
စနေနေ့ညမှာ ဂီတဖျော်ဖြေပွဲတွေနဲ့ တခြားလှုပ်ရှားမှုတွေလုပ်ဖို့ စီစဉ်ထားပြီး၊ တနင်္ဂနွေနေ့မှာတော့ သူတို့ လှုပ်ရှားမှုအတွက် ရှေ့ဆက်လုပ်ဆောင်မဲ့ အစီအစဉ်တွေကို ဆုံးဖြတ်ဖို့ နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးတရပ် ကျင်းပသွားမှာ ဖြစ်ပါတယ်။
အီတလီနိုင်ငံက မြို့ကြီး ၄၀ ကျော်မှာ သောကြာနေ့က လုပ်တဲ့ ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသူတွေက လုပ်ခလစာ တိုးမြှင့်ပေးဖို့၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ ပိုကောင်းလာစေဖို့၊ စစ်ရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲတာတွေ ရပ်တန့်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
အများအားဖြင့် ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြပေမဲ့ ရောမနဲ့ တူရင်မြို့တွေ အပါအဝင် မြို့တချို့မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေကြား ပဋိပက္ခတွေ ဖြစ်ခဲ့ပါတယ်။
Source: Reuters











