
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ မြို့ပေါ်မှာ အရပ်သားပြည်သူ တွေကို စစ်အာဏာရှင်တပ်က ဆက်တိုက် ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၁၄ ရက်မနက် ၁၀ နာရီကျော်လောက်က စစ်တွေအခြေစိုက် စစ်အာဏာရှင်ရဲ့ ဒေသကွပ်ကဲရေးဌာနချုပ် (ဒကစ)လက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ မင်းဂံရပ်ကွက်မှာ နေထိုင်တဲ့ ဒေါ်မြခိုင်သိန်းရဲ့သား ကိုပေါက်စရဲ့ နေအိမ်ကို လာရောက်ပြီး အကြောင်းပြချက်မရှိ ဖမ်းဆီးသွားတာလို့ ဒေသခံက ပြောပါတယ်။
“စရဖ၊ စစ်တပ်နဲ့ ရဲက ပြည်သူတွေ အကြောက်တရားဝင်အောင် နေ့တိုင်းဖမ်းနေတာ။ မင်းဂံရပ်ကွက်တို့၊ ကယ်ဆယ်ရေးရပ်ကွက်တို့၊ စစ်ရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်းတွေကနေ အဖမ်းခံရတာများတယ်။ အခု ကိုပေါက်စ အဖမ်းခံရတာ ၄ ရက်လောက်ရှိပြီ။”
အလားတူ ဇူလိုင် ၈ ရက်မနက် ၆ နာရီကျော်မှာလည်း မှန်စီလမ်းဆုံရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၇ ယောက်ဟာ ဆိုင်ကယ် ၄ စီးနဲ့ အင်ဗာရီချေ မွတ်စလင်ကျေးရွာသို့ ရောက်ရှိလာပြီး ဆိုယောအာလောင်နဲ့ ဗေဟူဆောင်းတို့ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံက ပြောပါတယ်။
ဇူလိုင် ၆ ရက်နေ့လယ်ပိုင်းကလည်း မူးယစ်ဆေးဝါး ရောင်းချနေတယ်လို့ မတရားစွပ်စွဲပြီး သက္ကေပြင်မွတ်စလင် ကျေးရွာမှ အမျိုးသားတယောက်ကို ထပ်မံဖမ်းဆီးခဲ့ပါသေးတယ်။
စစ်တွေမှာ ဒေသခံတွေကို ဖမ်းဆီးမှုများလာတာဟာ သမာရိုးကျဖြစ်စဉ်လို ဖြစ်နေပြီး၊ ဖမ်းဆီးခံထားရသူတွေထဲက တချို့မှာ အဆက်အသွယ်မရသလို၊ တချို့မှာ ပုဒ်မအမျိုးမျိုးတပ်ပြီး ထောင်ချမှုတွေ ရှိနေတယ်လို့ စစ်တွေဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“စစ်တွေမှာလေ ပြောရမယ်ဆိုရင် ရှိသမျှလူတွေဟာ သူတို့လက်ခုပ်ထဲမှာပဲ ရှိတာ။ နေ့တိုင်းလိုလို ဖမ်းနေတာ။ မြို့စွန်ရပ်ကွက်တွေ၊ မြို့ပေါ်ရပ်ကွက်တွေ မကျန်ဘူး။ အဖမ်းခံရတဲ့သူတွေ အများစုက နယ်က မြို့ခံမဟုတ်ကြတာ များတယ်။ ပြီးရင် ထောင်ချတာလည်း ရှိတယ်။ ပျောက်နေတာတွေ လည်း ရှိတယ်။”
စစ်တွေမြို့မှာ စစ်တပ်က အာရက္ခတပ်တော် (AA)နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲတာ၊ ဧည့်စာရင်း စစ်ဆေးတာနဲ့ မူးယစ်ဆေးဝါး အကြောင်းပြပြီး ဒေသခံကို ဆက်တိုက်ဖမ်းဆီးကာ ငွေညှစ်နေတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ ရခိုင်တိုင်းရင်းသားတွေရာ မွတ်စလင်တွေပါ ပါဝင်ပြီး၊ တချို့မှာ စစ်မှုထမ်းသင်တန်း ပို့ဆောင်ခံရတာနဲ့ ရှေ့တန်းစစ်မြေပြင်သို့ စေလွှတ်ခံရတာတွေ ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။











