
လက်ရှိနိုင်ငံအတွင်းစစ်မှုထမ်းခေါ်ယူမှုတွေ မြင့်မား နေချိန်မှာ လေ့လာရေးခရီးစဉ်အဖြစ် ခေါင်းစဉ်တပ်ပြီး နေပြည်တော်အတွင်းက အခြေခံပညာကျောင်းသား/ကျောင်းသူ တွေကို စစ်အာဏာရှင်တပ်က စည်းရုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဓိကအားဖြင့် နေပြည်တော်ကောင်စီနယ်မြေရှိ အခြေခံပညာကျောင်းတွေက ကျောင်းသား/ကျောင်းသူတွေကို နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်ကို လေ့လာရေးခရီးစဉ်အဖြစ် လာရောက်စေတာဖြစ်ပြီး အခုနှစ် ဇူလိုင်လလောက်က စတင်ခဲ့တာလို့ သိရပါတယ်။
လစဉ် နေပြည်တော်အတွင်းက အခြေခံပညာကျောင်းတွေနဲ့ တခြားနေပြည်တော်အတွင်းရှိ ကောလိပ်/တက္ကသိုလ်တွေက ကျောင်းသား/ကျောင်းသူတွေကိုပါ လေ့လာရေးလာရောက်စေဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ဩဂုတ် ၂၅ ရက်ကလည်း ဇေယျာသီရိမြို့နယ်အတွင်းက ပြည်စံအောင် အခြေခံပညာအထက်တန်းကျောင်းက ကျောင်းသား/ကျောင်းသူတွေနဲ့ တပ်မတော်သူနာပြုနဲ့ ဆေးဘက်ပညာတက္ကသိုလ်က ကျောင်းသား/ကျောင်းသူတွေလည်း လာရောက်ခဲ့တယ်လို့ စစ်တပ်ပိုင်မီဒီယာတွေမှာ ဖော်ပြ ပါတယ်။
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အစရှိတဲ့ မြို့ကြီးတွေမှာ စစ်မှုထမ်းဆင့်ခေါ်မှုတွေ၊ ပေါ်တာဆွဲမှုတွေကြောင့် လူငယ်လူရွယ်တွေ ရှားပါးလာနေချိန်မှာ စစ်အာဏာရှင်တပ်က အခြေခံပညာကျောင်းတွေကို ဦးတည်ပြီး စည်းရုံးသိမ်းသွင်းနေတာ ဖြစ်ပါတယ်။











