
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်မှာ နေ့ခင်းကြောင်တောင် နေအိမ်ဖောက်ထွင်းပြီး အသုံးအဆောင်ပစ္စည်းတွေ ခိုးယူသူ ၂ ယောက်ကို ဒေသခံတွေက ဖမ်းဆီးကာ ရဲလက်အပ်ခဲ့တယ်လို့ သိရပါတယ်။
မေ ၁၆ ရက်က ဟင်္သာတမြို့နယ်၊ ဓမ္ဘီတိုက်နယ်၊ ကရင်အင်းကျေးရွာ လမ်းဆုံမှာရှိတဲ့ လျှပ်စစ်ပစ္စည်းအမျိုးမျိုး ပြုပြင်ရေးလုပ်ငန်း လုပ်တဲ့ ကိုသော်ဇင် ဆိုသူရဲ့ နေအိမ်ကို အိမ်ရှင်တွေမရှိချိန် အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်က နေအိမ်ထဲ ဖောက်ထွင်း ဝင်ရောက်ခဲ့ပြီး Amplifier ၄ လုံး၊ GM 1885 ကွိုင် ၁ လုံး၊ ထမင်းပေါင်းအိုးတွေ စတဲ့ အသုံးအဆောင်ပစ္စည်းတွေအား အိမ်အနောက်အပေါက်ကတဆင့် သယ်ယူနေတာကို တွေ့ရှိတဲ့အတွက် မသင်္ကာတာကြောင့် ဒေသခံ အရပ်သားတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ ဒေသခံတယောက်က ပြောပါတယ်။
“အိမ်ရှင်မိသားစုက ရန်ကုန်သွားနေတာ။ အိမ်နောက်အပေါက်ကနေ တံခါးကိုရိုက်ဖွင့်ပြီး အိမ်ထဲက ပစ္စည်းတွေကို သယ်ယူချိန် ဒေသခံတွေက တွေ့တာ။ အိမ်ရှေ့တံခါးလည်း ပိတ်ထားတယ်။ အိမ်ရှင်တွေကလည်း မရှိဘူး။ ပစ္စည်းတွေ သယ်ယူနေတာတွေ့လို့ ဒေသခံတွေက ဝိုင်းဖမ်းဆီးခဲ့တာ” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်ဟာ ဟင်္သာတမြို့၊ ကနောင်စုရပ်ကွက်က လင်မယားတော်စပ်သူတွေဖြစ်ပြီး အိမ်ဖောက်ထွင်း ဝင်ရောက်ခိုးယူတဲ့ သူတို့လင်မယား ၂ ယောက်ကို ဟင်္သာတမြို့နယ်ရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
ဟင်္သာတမြို့နယ်မှာ အခုလို ဖောက်ထွင်းခိုးယူတဲ့ ဖြစ်စဥ်တွေ မကြာခဏဖြစ်နေကာ အရပ်သားတွေက ရဲတပ်ဖွဲ့ဆီ တိုင်ကြားကြပေမဲ့ ကျူးလွန်သူတွေကို ရဲက ဖမ်းမိတာ မရှိဘူးလို့ ဆိုပါတယ်။










