
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ ငဝန်တာကမ်းပြိုခဲ့တာကြောင့် အနီးအနားက နေအိမ် ၈ လုံးကို အရေးပေါ်ဖျက်သိမ်းပြီး ဘေးလွတ်ရာပြောင်းရွှေ့ခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြို့ကွင်းကျေးရွာအုပ်စု၊ အလယ်စုကျေးရွာမှာ အောက်တိုဘာ ၂၉ ရက်နဲ့ ၃၀ ရက်က ငဝန်တာရဲ့ မိုင်တိုင်အမှတ် ၁၁/၀ ကနေ ၁၁/၃ အတွင်း အလျား ပေ ၃၅၀ လောက်ပြိုကျခဲ့တာ ဖြစ်ပါတယ်။
ကမ်းပြိုမှုကြောင့် ဘေးအန္တရာယ်စိုးရိမ်ရတဲ့ အိမ် ၈ လုံးကို အရေးပေါ် ဖျက်ပြီး ဘေးလွတ်ရာကို ပြောင်းဖို့ ဒေသခံကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရွာသားတွေ စုပေါင်း ကူညီပေးခဲ့ကြပါတယ်။
ဒေသခံတယောက်က “လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်တာ မရှိပေမဲ့ ရုတ်တရက်အိမ်ဖျက်ပြီး ပြောင်းရွှေ့ ရတာကြောင့် ဒုက္ခရောက်နေကြရပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ငဝန်တာမှာ ကမ်းဆက်ပြိုနေလို့ အနီးပတ်ဝန်းကျင်က ဒေသခံတွေဟာလည်း အိမ်နဲ့မြေယာတွေ ထပ်မံထိခိုက်ပျက်စီးမှာကို စိုးရိမ်နေကြရပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေက လည်း လာရောက်စစ်ဆေးထားတယ်လို့ သိရပါတယ်။











