
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ PDF တွေအတွက် စက်သုံးဆီရောင်းပေးတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခံခဲ့ရတဲ့ အရပ်သား ၂ ယောက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအပါအဝင် ပုဒ်မတွေနဲ့ ထောင်ဒဏ် ၆ နှစ်စီ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ထောင်ဒဏ်ချမှတ်ခံရတဲ့ အရပ်သား ၂ ယောက်ကို ပြီးခဲ့တဲ့ မတ်လ ပထမအပတ်မှာ စစ်အာဏာရှင် တပ်က PDF တွေကို စက်သုံးဆီရောင်းပေးတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့တာပါ။
အောက်တိုဘာ ၂၉ ရက်မှာ ဟင်္သာတခရိုင်တရားရုံးက သူတို့ ၂ ယောက်ကို ထောင်ဒဏ် ၆ နှစ်စီ ချမှတ်ခဲ့တာလို့ သိရပါတယ်။
ဟင်္သာတခရိုင်တရားရုံးနဲ့ နီးစပ်သူတယောက်က “အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲ ခံထားရတဲ့ ၂ ယောက်ဖြစ်ပါတယ်။ လေးမျက်နှာဘက်က တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်သွယ်မှု ရှိတယ်ဆိုပြီး ဖမ်းဆီးခံထားရသူတွေပါ” လို့ ပြောပါတယ်။
ထောင်ဒဏ်ချမှတ်ခံရသူ ၂ ယောက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄(က) နဲ့ ၅၀၅(က) တို့အပါအဝင် ပုဒ်မတွေနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး တစ်ယောက်ကို ထောင်ဒဏ် ၆ နှစ်စီ ချမှတ်ခဲ့တာလို့ သိရပါတယ်။
ထောင်ဒဏ်ချမှတ်ခံရသူတွေဟာ လေးမျက်နှာမြို့နယ်၊ စက်စက်ယိုကျေးရွာဘက်က အသက် ၃၀ ခန့်အရွယ် ကိုထွန်းလင်းနဲ့ အသက် ၂၇ နှစ်ဝန်းကျင်အရွယ် ကိုလင်းလင်းကျော်တို့ ဖြစ်တယ်လို့ သိရပါတယ်။











