အမေရိကန်ဟာ ရုရှားရေနံနဲ့ ဓာတ်ငွေ့တင်သွင်းတဲ့ နိုင်ငံတွေကို အရေးယူပိတ်ဆို့ဖို့ ဥပဒေပြဋ္ဌာန်းထားပြီး တဖက်မှာတော့ ရုရှားဆီက ဒီဇယ်တင်သွင်းဖို့ သဘောတူညီချက် ရယူခဲ့တာကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အပေါ် ဝေဖန်မှုတွေ မြင့်တက်လာပါတယ်။
အောက်တိုဘာ ၉ ရက်မှာ ထရမ့်ပ်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ဆွေးနွေးပြီး ဒီဇယ်တန်ချိန် ၃ သိန်းကို အမေရိကန်နဲ့ ကမ္ဘာ့ဈေးကွက်ဆီ ချက်ချင်းတင်ပို့ဖို့ သဘောတူခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
နိုဝင်ဘာလမှာ တန်ချိန် ၅ သိန်း၊ အဲဒီနောက် တန်ချိန် ၁ သန်းနဲ့ ရေနံချက်စက်ရုံတွေရဲ့ အခြေအနေပေါ် မူတည်ပြီး နောက်ထပ် တန်ချိန် ၃ သန်းအထိ တင်ပို့ဖို့လည်း ရှိတယ်လို့ ထရမ့်ပ်က ပြောပါတယ်။
စက်တင်ဘာ ၁၈ ရက်က ထရမ့်ပ် လက်မှတ်ထိုးခဲ့တဲ့ ဥပဒေအရ ရုရှားရေနံနဲ့ ဓာတ်ငွေ့ အများဆုံးဝယ်ယူတဲ့ နိုင်ငံ ၅ နိုင်ငံကို သွင်းကုန်ခွန် ၁၀၀ ရာခိုင်နှုန်းအထိ၊ ရုရှားကုန်ပစ္စည်းတွေကိုတော့ ၅၀၀ ရာခိုင်နှုန်းအထိ ချမှတ်ဖို့ ပြဋ္ဌာန်းထားပါတယ်။
ဒါ့အပြင် ၂၀၂၂ ခုနှစ်ကတည်းက ရုရှားရေနံနဲ့ ဒီဇယ် အပါအဝင် လောင်စာဆီတွေကို အမေရိကန်ဆီ တိုက်ရိုက်တင်သွင်းမှု တားမြစ်ထားပါတယ်။
ဒါပေမဲ့ ဒီသဘောတူညီချက်အတွက် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ရုရှားဒီဇယ်ရောင်းချမှုနဲ့ တင်သွင်းမှုဆိုင်ရာ အရေးယူပိတ်ဆို့မှုတွေကို ၂၀၂၇ ခုနှစ် ဧပြီ ၇ ရက်အထိ ယာယီ ဖြေလျှော့ပေးထားပါတယ်။
ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် အထက်လွှတ်တော်အမတ် ၇ ယောက်ကတော့ ဒီသဘောတူညီချက်ဟာ ၂၀၂၂ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ ရုရှားစွမ်းအင်တင်သွင်းမှု တားမြစ်ချက်ကို ချိုးဖောက်တယ်ဆိုပြီး ပြန်ရုပ်သိမ်းဖို့ တောင်းဆိုခဲ့ကြပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး ကလည်း ဒါဟာ ပူတင်အတွက် လက်ဆောင်တခုဖြစ်ပြီး “ရပ်တန့်ရမဲ့ စစ်ပွဲအတွက် ရင်းနှီးမြှုပ်နှံမှုတခု” လို့ ဝေဖန်ခဲ့ပါတယ်။
ထရမ့်ပ်ကတော့ အမေရိကန်ပြည်သူတွေ အထူးသဖြင့် လယ်သမားတွေ၊ မွေးမြူရေး လုပ်ငန်းရှင်တွေနဲ့ ကုန်တင်ကားမောင်းသူတွေအတွက် လောင်စာဆီဈေးနှုန်း လျှော့ချဖို့ အဓိက ဦးစားပေးထားတယ်လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့တဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်စစ်ပွဲကြောင့် ကမ္ဘာ့လောင်စာဆီဈေး မြင့်တက်လာပြီး အမေရိကန်မှာ ဒီဇယ်တဂါလံ ပျမ်းမျှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၈ အထိ ရှိနေပါတယ်။
နိုဝင်ဘာ ၃ ရက်မှာ ကျင်းပမဲ့ အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲ နီးလာချိန်မှာ ဒီသဘောတူညီချက်ကြောင့် ထရမ့်ပ်အပေါ် နိုင်ငံရေးဖိအားတွေ ပိုမိုမြင့်တက်လာပါတယ်။











