
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း စစ်အာဏာရှင်တပ်က ၃ ရက်ဆက်တိုက် လေကြောင်း ဗုံးကြဲတိုက်ခိုက်နေလို့ ဒေသခံတွေအကြား စိုးရိမ်မှု အမြင့်ဆုံးအခြေအနေကို ရောက်ရှိနေကြပြီး မြို့ကို စွန့်ခွာသူ များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ ကျောက်တော်မြို့နယ်အတွင်း အောက်တိုဘာ ၆ ရက် ညနေပိုင်းကနေ အောက်တိုဘာ ၈ ရက် မနက်ပိုင်းအထိ ၃ ညဆက်တိုင် လေယာဉ်အုပ်စုလိုက်သုံးပြီး ဗုံးကြဲတိုက်ခိုက်နေတာလို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ကျောက်တော်မြို့နယ်အတွင်းမှာတင် ၃ ညဆက်တိုက်ရှိပြီး ဗုံးကြဲနေတာ။ တခါလာကြဲရင် နာရီနဲ့ ချီပြီးတော့ လေယာဉ်အုပ်စုလိုက်သုံးပြီး ဗုံးအလုံး ၃၀၊ ၄၀ ကို ကြဲချတိုက်ခိုက်တာ။ အရပ်သားထိခိုက်တာမျိုးမရှိပေမဲ့ ညအချိန်ဆို မအိပ်ရဲကြတော့ဘူး။ အတော်လည်းကို ကြောက်ဖို့ကောင်းတယ်။ အဓိကတော့ တပ်ရင်းဌာနချုပ်ဟောင်းတွေ၊ အကျဉ်းထောင်တွေနဲ့ တောင်တန်းတွေကို ဗုံးကြဲတိုက်ခိုက်တာ လုပ်နေတာ။”
စစ်အာဏာရှင်ဟာ အောက်တိုဘာ ၅ ရက်နေ့ညမှာ ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာအနီးက စစ်သုံးပန်း အကျဉ်းထောင်နဲ့ ကြောင်ဖိုကျေးရွာအနီးတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို၊ အောက်တိုဘာ ၇ ရက် မနက် ၁ နာရီမှာ စကခ-၉ တပ်မဟောင်း၊ ခမရ ၃၇၆ နဲ့ အနီးပတ်ဝန်းကျင် စိုက်ခင်းတခုကို လေကြောင်းဗုံးကြဲတိုက်ခဲ့ပါတယ်။
ဒီနေ့ မနက် ၃ နာရီမှာလည်း ရုပ်သားကျေးရွာနဲ့ နဂရာကျေးရွာအနီးက တောင်တန်းတွေကို ဂျက်တိုက်လေယာဉ်တွေ၊ Y-12 တွေနဲ့ အုပ်စုလိုက်သုံးပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ကျောက်တော်မြို့နယ်မှာ စက်တင်ဘာ ၂၈ ရက်က အိန္ဒိယဈေးကို လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၅၀ သေဆုံးပြီး၊ ၅၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် မြို့ခံတွေဟာ စိုးရိမ် ကြောက်စိတ်တွေနဲ့ ဘေးလွတ်ရာ ကျေးရွာတွေကို တိမ်းရှောင်နေကြစဉ်မှာ အခုလို လေကြောင်း တိုက်ခိုက်လာတာကြောင့် ဒေသခံတွေ စိုးရိမ်စိတ် ပိုမိုမြင့်တက်လာနေကြတာလည်း ဖြစ်ပါတယ်။
ကျောက်တော်မြို့ခံ အမျိုးသားတယောက်က “၃ ညရှိပြီဗျာ ကောင်းကောင်းမအိပ်ကြရတာ။ နေ့ဝင်မှာတောင် ကြောက်နေကြပြီ။ ဘယ်အချိန် လာပစ်တော့မလဲဆိုပြီး။ အခု ပစ်ခတ်နေတဲ့ နေရာတွေ ဆိုတာကလည်း မြို့နဲ့ နီးနီးလေးပဲ။ ၅ မိုင်ဝန်းကျင်ရှိတဲ့ ရွာတွေ၊ တပ်ရင်းတွေကြီးပဲ။ ဗုံးသံတွေ တအားကြောက်ဖို့ကောင်းတာ။ မြို့ပေါ်မှာလည်း လူက တဝက်တောင်မရှိတော့ဘူး။ လေယာဉ်နဲ့ လာဗုံးကြဲမှာကို စိုးလို့ တိမ်းရှောင်နေကြတာ”လို့ ပြောပါတယ်။
စစ်တပ်ဟာ ရခိုင်ပြည်နယ်က မြို့နယ်တွေက ကျေးရွာတွေကို နေ့တိုင်း လေကြောင်း ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုဟာလည်း နေ့စဉ်ရက်ဆက် မြင့်တက် လာနေပြီး လေကြောင်းအန္တရာယ်ကို အထူးသတိပြုကြဖို့ AA ဘက်က တိုက်တွန်းပါတယ်။
စစ်အာဏာရှင်တပ်ဟာ အောက်တိုဘာ ၄ ရက် ၅ ရက်နေ့တွေကလည်း ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်စခန်း ၂ ခုကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင် ၈ ယောက် သေဆုံးကာ ၁၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် စစ်ဘေးရှောင်စခန်းတွေက စစ်ရှောင်တွေဟာ ထပ်မံ နေရာရွှေ့ပြောင်းပြီး စစ်ဘေးရှောင်နေကြရတာလည်း ဖြစ်ပါတယ်။
ကျောက်တော်မြို့နယ် စက်တင်ဘာ ၂၈ ရက်က လူအစုအပြုံလိုက် သေဆုံးစေခဲ့တဲ့ စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပေးခဲ့ကြတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို ကျေးဇူးတင်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က အောက်တိုဘာ ၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အဲဒီလေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ်အပေါ် ရခိုင်ပြည်သူတွေနဲ့ တသွေးတည်း တသားတည်း ရပ်တည်ပြီး စည်းလုံးညီညွှတ်မှုကို ပြသကာ စစ်အာဏာရှင်တပ်ရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန် တဲ့ ရာဇဝတ်မှုနဲ့အတူ ကြီးမားတဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချပေးခဲ့တဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ အားလုံးကို ULA နဲ့ ရခိုင်ပြည်သူတွေက အမြဲထာဝရ အမှတ်ရရှိနေမှာဖြစ်ပြီး များစွာလည်း ကျေးဇူးတင်ရှိကြောင်း ပြောပါတယ်။
ကျောက်တော်မြို့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၊ အီးယူအကြီးအကဲတွေ၊ အာဆီယံဥက္ကဋ္ဌနိုင်ငံနဲ့ လွှတ်တော်အမတ်တွေ၊ ယူကေနိုင်ငံအကြီးအကဲတွေနဲ့ NUG အစိုးရအပါဝင် တော်လှန်ရေးအင်အားစုတွေက အပြင်းအထန် ကန့်ကွတ်ရှုတ်ချခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဒါအပြင် စစ်အာဏာရှင်တပ်အနေနဲ့ စစ်ပွဲဥပဒေတွေကို လိုက်နာဖို့၊ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးဖို့ကိုလည်း ကုလသမဂ္ဂ အကြီးအကဲတွေက တောင်းဆိုထားကြပါတယ်။
စစ်အာဏာရှင်တပ်ဟာ ကျောက်တော်မြို့ ဗုံးကြဲတိုက်ခိုက်ပြီးနောက် ရခိုင်က မြို့၊ ရွာတွေကို နေ့စဉ်ရက်ဆက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေဆဲဖြစ်ပြီး အရပ်သားထိခိုက် သေဆုံးမှုဟာလည်း နေ့တိုင်း မြင့်တက်နေဆဲ ဖြစ်ပါတယ်။
Photo: ULA၊ ONN











