DVB Logo
Home
မြန်မာသတင်း
လေးမျက်နှာတွင် ရေကာတာကျိုးပြီး ရုတ်တရက်ရေကြီး၊ လူ ၇,၀၀၀ ခန့် ပြောင်းရွှေ့ရ
DVB
·
August 1, 2026
လေးမျက်နှာတွင် ရေကာတာကျိုးပြီး ရုတ်တရက်ရေကြီး၊ လူ ၇,၀၀၀ ခန့် ပြောင်းရွှေ့ရ
1 / 8
Photo : MFSD, Myo Min
Donate to DVB

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ရေကာတာကျိုးပေါက်လို့ ရုတ်တရက်ရေကြီးတာကြောင့် လူ ၇,၀၀၀ လောက်ကို အရေးပေါ်ပြောင်းရွှေ့ထားရပြီး ပိတ်မိနေသူလည်း အများအပြား ရှိနေ သေးတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ဒေသခံတွေဆီက သိရပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ဇူလိုင် ၃၁ ရက် မနက်ပိုင်းက လေးမျက်နှာမြို့နယ်၊ ဂျမ်းကုန်းရွာနားက ငဝန်ရေကာတာဟာ ပေ ၅၀ ကျော် ကျိုးပေါက်ခဲ့ပြီး ရပ်ကွက်နဲ့ ကျေးရွာ အများအပြား ရေမြုပ်ခဲ့ပါတယ်။

ဒါကြောင့် ဒေသခံအများအပြားကို အရေးပေါ်ပြောင်းရွှေ့ခဲ့ရသလို ပိတ်မိနေသူတွေလည်း ကျန်နေသေးတယ်လို့ သိရပါတယ်။

ရေဘေးသင့် ဒေသခံတယောက်က “ရေက ရုတ်တရက်ဆိုသလိုတက်တာ။ မနက် ၉ နာရီ လောက်က ရေစဝင်လာတာပေါ့။ ၁၀ နာရီဝန်းကျင်လောက်ဆို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အရေးပေါ် ကူညီပြောင်းရွှေ့တာတွေလုပ်ပေးတာ။ ပိတ်မိနေသူတွေ မနည်းကျန်နေသေးတယ်” လို့ ပြောပါတယ်။

သြဂုတ် ၁ ရက် ဒီမနက်ပိုင်းအထိ အိမ်ထောင်စု ၁,၃၀၀ ကျော်က ရေဘေးဒုက္ခသည် လူအယောက် ၇,၀၀၀ လောက်ကို အရေးပေါ်ပြောင်းရွှေ့ထားပေမဲ့ ရေကြီးရေလျှံဖြစ်နေတဲ့ ဒေသ တွေမှာ ပိတ်မိနေသူတွေ ရှိနေသေးတယ်လို့ သိရပါတယ်။

ကူညီဆောင်ရွက်ပေးတဲ့သူတယောက်က “ရေကာတာပေါက်တာဆိုတော့ ရေက အရှိန်နဲ့ဝင်တော့ မြုပ်ကုန်တာပေါ့။ နှစ်ထပ်အိမ်တွေတောင် ဒုတိယအထပ်အထိ မြုပ်နေတယ်။ တချို့အိမ်တွေဆို လုံးဝ ရေနစ်မြုပ်သွားတယ်။ ဒေသခံတွကို ကုန်းမြင့်ပိုင်းကို ကူညီပြောင်းရွှေ့ ကယ်ထုတ် ပေးနေပါတယ်” လို့ ပြောပါတယ်။

ရေကာတာကျိုးပေါက်တာကြောင့် လေးမျက်နှာမြို့နယ်ထဲက ညောင်ပင်ဝဲ၊ ရပ်ကွက် ၁၊ မသဲကုန်း၊ ရပ်ကွက် ၂၊ ရွှေကညင်ပင်ကျောင်း၊ ရပ်ကွက် ၃၊ သရက်ကန်၊ ရပ်ကွက် ၄၊ လေးအိမ်တန်း၊ ရပ်ကွက် ၅၊ သခွက်ချောင်း၊ ဂျမ်းကုန်း၊ မြစ်ကျိုး၊ ကျွန်းတဲ၊ ကွမ်းခြံကုန်း စတဲ့ အဆိုးဆုံး ရေကြီးနစ်နေတဲ့ ရပ်ကွက်နဲ့ကျေးရွာတွေက ဒေသခံကို အရေးပေါ်ပြောင်းရွှေ့ပေးထားတယ်လို့ သိရပါတယ်။

ရေဘေးဒုက္ခသည်တွေကို ရေဘေးလွတ်တဲ့ ကုန်မြင့်ကနေအိမ်တွေနဲ့ လေးမျက်နှာမြို့နယ်၊ ဣစ္ဆာသယကျောင်းတိုက်ကို တိုင်းမီးသတ်ဦးစီးဌာနနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဦးဆောင်ပြောင်းရွှေ့ပေးထားတယ်လို့ သိရပါတယ်။

ဒီနေ့အထိတော့ ရေပြန်မကျသေးဘဲ မိုးဆက်ရွာရင် တခြားဒေသတွေလည်း ရေကြီးနိုင်တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဆိုပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013