
တူရကီက ပင်လယ်နက်ထဲ ဝင်လာတဲ့ စီးပွားရေးဆိုင်ရာ သင်္ဘောတွေ သွားလာမှုကို ကန့်သတ်ထားတယ်လို့ ဒီကိစ္စနဲ့ ရင်းနှီးတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဘလွန်းဘာ့ဂ်နဲ့ စထရိတ်တိုင်းမ်စ် သတင်းဌာနတွေက ဖော်ပြပါတယ်။
ဒေသတွင်းက သင်္ဘောတွေအပေါ် ရုရှားနဲ့ ယူကရိန်းတို့ရဲ့ တိုက်ခိုက်မှုတွေ မြင့်တက်လာပြီးတဲ့နောက် တူရကီအစိုးရက ပိုစိုးရိမ်လာခဲ့တာပါ။
ကမ်းရိုးတန်းဘေးကင်းရေးဌာန ညွှန်ကြားရေးမှူးချုပ်က ရုရှားရဲ့ ရေနံနဲ့ ကောက်ပဲသီးနှံ အဓိကတင်ပို့ရာ ဗဟိုချက်ဖြစ်တဲ့ နိုဗိုရော့ခ်စီးစ်မြို့ဆီ ဦးတည်နေတဲ့ သင်္ဘောအများအပြားကို လက်ရှိမှာ ခရီးစဉ်တွေအတွက် ဖြတ်သန်းသွားလာခွင့် မပြုသေးဘဲ ဒါဒါနယ်လီ ရေလက်ကြားတဆင့် ဖြတ်သွားဖို့ လျှောက်လွှာတွေကို ပြန်သုံးသပ်ရေး အချိန်ပိုယူဖို့ လိုအပ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အာဏာပိုင်တွေက ဒီလှုပ်ရှားမှုအတွက် ရှင်းလင်းချက်တစုံတရာ မပေးခဲ့ဘူးလို့ သတင်းရင်းမြစ်တွေက ထပ်ပြောခဲ့ပါတယ်။
သတင်းအချက်အလက်က အများပြည်သူသိဖို့ ကြေညာတာ မဟုတ်လို့ ပြောသူက သူ့နာမည်ကို မဖော်ချင်ဘူးလို့လည်း ပြောပါတယ်။
တူရကီပိုင် သင်္ဘောတွေ အပါအဝင် စီးပွားဖြစ်သင်္ဘောတွေကို တိုက်ခိုက်မှုတွေ မြင့်တက်လာခြင်းကြောင့် တူရကီအစိုးရက လုံခြုံရေး ပိုတိုးမြှင့်ဖို့ တောင်းဆိုမှုတွေ ပေါ်ပေါက်လာနေတာပါ။
ဒါကြောင့် ပင်လယ်နက်ထဲ သင်္ဘောတွေ ခုတ်မောင်းမှုကို ခုလှုပ်ရှားမှုက ထိထိရောက်ရောက် ကန့်သတ်ထားပါတယ်။ ကမ်းရိုးတန်းဘေးကင်းရေး ညွှန်ကြားရေးမှူးချုပ်က မြို့တော်အန်ကာရာမှာ ရှိတဲ့ သယ်ယူပို့ဆောင်ရေးနဲ့ အခြေခံအဆောက်အအုံဝန်ကြီးဌာနဆီ မေးခွန်းတွေ မေးဖို့ ညွှန်ကြားခဲ့ပေမဲ့ ပုံမှန်လုပ်ငန်းချိန်ပြင်ပမှာ အီးမေးလ် ဒါမှမဟုတ် ဖုန်းနဲ့မှတ်ချက်ပေးဖို့ တောင်းဆိုချက်တွေကို မတုံ့ပြန်ခဲ့ပါဘူး။
အခုအပတ်အစောပိုင်းမှာ တူရကီပိုင် သင်္ဘော ၂ စင်းကို ဒရုန်းနဲ့တိုက်ခိုက်လို့ တူရကီနိုင်ငံသားတွေ အပါအဝင် သင်္ဘောသားအဖွဲ့တဖွဲ့ ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
တင်းမာမှုတွေ မြင့်တက်လာခြင်းက စားနပ်ရိက္ခာဖူလုံရေး အပါအဝင် ဘက်ပေါင်းစုံမှာ အပျက်သဘောဆောင်တဲ့ အကျိုးဆက်တွေ ရှိလာလိမ့်မယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။










