
အီရန်နိုင်ငံမြောက်ပိုင်း အလ်ဘော့ဇ်ပြည်နယ်က ဆောက်လုပ်ဆဲ B1 တံတားကို အမေရိကန်နဲ့ အစ္စရေးတို့က ဧပြီ ၂ ရက်က ဒုံးကျည်တွေနဲ့ ၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ၁၃ ယောက်အထိ မြင့်တက်လာခဲ့ပြီး ၉၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။
မြို့တော်တီဟီရန်နဲ့ စတုတ္ထအကြီးဆုံးမြို့ဖြစ်တဲ့ ကာရာ့ဂျ်ကို ဆက်သွယ်ပေးတဲ့ ဒီ B1 တံတားဟာ အရှေ့အလယ်ပိုင်းထဲမှာ အမြင့်ဆုံးတံတားတွေထဲက တစင်းဖြစ်ပြီး အီရန်နိုင်ငံအတွက် အခက်ခဲဆုံး တည်ဆောက်ထားတဲ့ အရေးပါတဲ့ အရပ်ဘက် အဆောက်အအုံဖြစ်ပါတယ်။
ပြည်နယ် ၁၇ ခုရဲ့ သွားလာရေးကို အဆင်ပြေစေဖို့ ရည်ရွယ်ထားတဲ့ ဒီတံတားကြီးကို နောက် ၂ လဆိုရင် ဖွင့်လှစ်တော့မှာဖြစ်ပြီး ကြာသပတေးနေ့ကတော့ ဒုံးကျည် တိုက်ခိုက်မှုကို ၂ ကြိမ်တောင် ပစ်မှတ်ထားခံခဲ့ရကြောင်း တရားဝင်သတင်းဌာန IRNA က ပြောပါတယ်။
ဒေသခံတွေကတော့ ဒီလို အရေးကြီးတဲ့ ပြည်သူ့ အခြေခံအဆောက်အအုံကို တိုက်ခိုက်တာကို အံ့အားသင့်နေကြပါတယ်။
အီရန်အရာရှိတွေကလည်း ဒီတံတားဟာ စစ်ရေးနဲ့ လုံးဝမဆိုင်ဘဲ အသုံးပြုရသေးတာတောင် မရှိသေးဘူးလို့ ပြောပါတယ်။
အီရန်လူမျိုးတွေ အပြင်ထွက် အပန်းဖြေလေ့ရှိတဲ့ “Nature Day” အားလပ်ရက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး Bunker-busting လို့ခေါ်တဲ့ မြေအောက်အထိ ထိုးဖောက်ဖျက်ဆီးနိုင်တဲ့ ဘန်ကာဖျက်ဗုံး ၁၀ လုံးကနေ ၁၂ လုံးထိ အသုံးပြုခဲ့တာကြောင့် အားလပ်ရက်က ပြန်လာတဲ့ အရပ်သားတွေပါ ထိခိုက်သေဆုံးခဲ့ရတယ်လို့ တံတားဆောက်လုပ်ရေး ကုမ္ပဏီတာဝန်ရှိသူ အဘိုဖဇယ် ရာမန်နီက ပြောပါတယ်။
လတ်တလောမှာတော့ အီရန်နိုင်ငံအတွင်း စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ သမိုင်းဝင်အဆောက်အအုံတွေ အပါအဝင် ပြည်သူ့အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး နောက်ထပ် လျှပ်စစ်စက်ရုံတွေကိုပါ ပစ်မှတ်ထားနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သတိပေးထားပါတယ်။











