
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း အဆိုးရွားဆုံး ကြုံတွေ့နေရတဲ့ ရေဘေးအတွက် စစ်အာဏာရှင်က ငွေကျပ် သိန်း ၁,၄၀၀ ကျော်ပဲ ထောက်ပံ့ထားတယ်လို့ စစ်အာဏာရှင်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးရဲ့ ပြောကြားချက်အရ သိရ ပါတယ်။
ဇူလိုင် ၃၁ ရက်က စတင်ခဲ့ပြီး တပတ်ကျော်ကြာလာပြီဖြစ်တဲ့အပြင် ဒေသခံ ၄၀,၀၀၀ ကျော် ရေဘေးဒဏ် ခံစားနေရတဲ့ လေးမျက်နှာရေဘေးအတွက် ထောက်ပံ့မှု သိန်း ၁,၄၆၀ ကျော် ရှိတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ နိုင်ငံပိုင်သတင်းစာကနေလည်း ကြေညာခဲ့ပါသေးတယ်။
လက်ရှိရေဘေးဟာ ပြီးခဲ့တဲ့ ၁၉၉၁ ခုနှစ်က ထိန်ငူတာကျိုးခဲ့တာရဲ့နောက်ပိုင်း အဆိုးရွားဆုံကြုံတွေ့နေရတဲ့ ရေဘေးဖြစ်ပြီး ကျေးရွာပေါင်း ၂၀၀ ကျော်၊ အိမ်ထောင်စု ၁၀,၀၀၀ ဝန်းကျင်နဲ့ ဒေသခံ ၅၀,၀၀၀ လောက်အထိ ရေဘေးသင့်ကာ အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။
ဒေသခံတွေ အကူညီလိုအပ်နေပေမဲ့ စစ်အာဏာရှင်ဘက်က ထောက်ပံ့ကူညီမှု လုံလုံလောက်လောက် မရှိဘဲ အနယ်နယ်အရပ်ရပ်က လာလှူနေကြတဲ့ အလှူရှင်တွေရဲ့ ဝေငှမှုကိုပဲ စောင့်နေရတယ်လို့ လေးမျက်နှာမြို့နယ်က ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“ဖြစ်ကာစကတော့ ဆန်လေးနည်းနည်း၊ ရေသန့်နဲ့ အခြောက်အခြမ်းလေးတွေ နည်းနည်းပါးပါး ရလိုက်တယ်။ အဲဒီနောက်ပိုင်းတော့ အလှူရှင်တွေ လာလှူတာပဲ စောင့်နေရတယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ စစ်အာဏာရှင်ရဲ့ တိုင်းအစိုးရအနေနဲ့ ကျိုးပေါက်သွားတဲ့ ငဝန်တာနေရာကို ပြန်လည်ပြင်ဆင်နေပြီး မြစ်ရေဝင်ရောက်မှုကိုလျှော့ချနိုင်ဖို့ ကြိုးစားနေဆဲဖြစ်တဲ့အပြင် ပြတ်တောက်နေတဲ့ ဆက်သွယ်ရေးလိုင်းတွေပြန်ရဖို့ လုပ်ဆောင်နေတယ်လို့လည်း တိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။










