
နော်ဝေအိမ်ရှေ့မင်းသား ဟို့ကွန်းရဲ့ မယားပါသားဟာ တရားရုံးက မုဒိမ်းမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ မူးယစ်ဆေးဝါးပိုင်ဆိုင်မှုအပါအဝင် ရာဇဝတ်မှုတွေအတွက် ဇွန် ၁၅ ရက်မှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ခြင်း ရှိ၊ မရှိ သိရှိရမှာပါ။
၂၀၀၁ ခုနှစ်မှာ မိခင်ဖြစ်သူ မက်တီ-မာရစ်က နော်ဝေအိမ်ရှေ့စံ ဟို့ကွန်းနဲ့ လက်ထပ်ခဲ့ချိန်က တော်ဝင်မိသားစုထဲ ရောက်လာတဲ့ အသက် ၂၉ နှစ်အရွယ် မာရီးယပ်စ် ဘော့ဂ် ဟိုင်းဘီက မုဒိမ်းမှုအပါအဝင် အပြင်းထန်ဆုံး စွပ်စွဲချက်တွေအတွက် အပြစ်မရှိဘူးလို့ ပြောဆို ငြင်းဆိုခဲ့ပြီး သေးငယ်တဲ့ စွဲချက်တချို့ကိုတော့ ဝန်ခံခဲ့ပါတယ်။
စွဲချက်အားလုံးမှာ အပြစ်ရှိကြောင်း တွေ့ခဲ့ရင် တရားလိုဘက်က တောင်းဆိုတဲ့အတိုင်း ထောင်ဒဏ် ၇ နှစ်နဲ့ ၇ နှစ်လ ချမှတ်ခံရနိုင်ပါတယ်။
ဒါပေမဲ့ တရားရုံးက တောင်းဆိုထားတဲ့ ပြစ်ဒဏ်ကာလကို တိုးမြှင့်နိုင်သလို လျှော့ချနိုင်ပါတယ်။
၂၀၀၈ ခုနှစ်မှာ ပြစ်ဒဏ်ချမှတ်ခံရပြီးတဲ့နောက် အမေရိကန် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်သား ဂျက်ဖရီ အက်ပ်စတိန်းနဲ့ အဆက်အသွယ်မဖြတ်ဖို့ ‘ညံ့ဖျင်းတဲ့ ဆုံးဖြတ်ချက်’အတွက် အိမ်ရှေ့မင်းသမီး မက်တီ-မာရစ်က တောင်းပန်ထားပါတယ်။
အခုလအစောပိုင်းမှာ ကျန်းမာရေး ဆိုးရွားလာလို့ အမျိုးသား အဆုတ်အစားထိုး ကုသမှုစာရင်းထဲမှာ ထည့်သွင်းခံခဲ့ရတဲ့ မက်တီ-မာရစ်အတွက် ခက်ခဲတဲ့ ကိုယ်ရေးကိုယ်တာ အခြေအနေတွေကြားမှာ စီရင်ချက်ချမှတ်မှာလည်း ဖြစ်ပါတယ်။
Source: Reuters










