နော်ဝေအိမ်ရှေ့မင်းသားရဲ့ မွေးစားသား မာရီးယပ်စ်ဘွိုက်ဂ်ဟွီဘီကို မုဒိမ်းမှု ၄ မှု၊ အိမ်တွင်းအကြမ်းဖက်မှုနဲ့ တခြားပြစ်မှုတွေအတွက် ထောင်ဒဏ် ၇ နှစ်နဲ့ ၇ လ ချမှတ်သင့်တယ်လို့ အစိုးရရှေ့နေက အော်စလိုတရားရုံး တရားခွင်မှာ မတ် ၁၈ ရက်က လျှောက်လဲခဲ့ပါတယ်။
၂၀၀၁ ခုနှစ်မှာ မိခင်ဖြစ်သူ မက်တီ မာရိတ်နဲ့ အိမ်ရှေ့မင်းသား ဟာကွန်တို့ လက်ထပ်ခဲ့ချိန်ကတည်းက တော်ဝင်မိသားစုဝင် ဖြစ်လာခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် ဟွီဘီဟာ ပြစ်မှုအသေးအဖွဲတချို့ကို ဝန်ခံခဲ့ပေမဲ့ မုဒိမ်းမှု အပါအဝင် သူ့အပေါ် စွပ်စွဲထားတဲ့ အပြင်းထန်ဆုံး ပြစ်မှုတွေကိုတော့ အပြစ်မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
မတ် ၁၉ ရက်က ပြီးဆုံးတဲ့ သီတင်း ၇ ပတ်ကြာ တရားခွင်ဟာ နော်ဝေတနိုင်ငံလုံးကို တုန်လှုပ်စေခဲ့ပြီး တရားခွင်မှာ ဟွီဘီရဲ့ မူးယစ်ဆေးဝါးစွဲလမ်းမှု၊ သူကိုယ်တိုင် ရိုက်ကူးထားတဲ့ လိင်ဆက်ဆံမှု ဗီဒီယိုတွေအပြင် သက်သေအဖြစ်တင်သွင်းတဲ့ အီလက်ထရွန်နစ် စာတိုပေါင်း ၈၀၀ ကျော်အကြောင်း အသေးစိတ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒီတရားခွင်ဟာ အိမ်ရှေ့မိဖုရား မက်တေမာရိတ်က ၂၀၀၈ ခုနှစ်မှာ ပြစ်မှုထင်ရှားပြီးသား အမေရိကန် လိင်ရာဇဝတ်ကောင် ဂျက်ဖရီ အက်ပ်စတိုင်းန်နဲ့ အဆက်အဆံ ဆက်ရှိနေခဲ့တာအတွက် “ဆုံးဖြတ်ချက်မှားယွင်းခဲ့ပါတယ်” လို့ တောင်းပန်ခဲ့တဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ဒီအဖြစ်အပျက် ၂ ခုလုံးကြောင့် နော်ဝေမင်းဆက်အပေါ် လူထုထောက်ခံမှုဟာ လျော့နည်းလာနေတယ်လို့ စစ်တမ်းတွေက ပြသထားပါတယ်။
အဓိကအစိုးရရှေ့နေ စတူးလာ့ဟင်နရစ်ခ်စ်ဘိုက ဟွီဘီရဲ့ ပြစ်မှုပေါင်း ၄၀ အတွက် ဗုဒ္ဓဟူးနေ့မှာ ပြစ်ဒဏ်တောင်းဆိုခဲ့တာပါ။
အဲဒီထဲမှာ ကာယကံရှင်တွေ အိပ်ပျော်နေချိန် ဒါမှမဟုတ် သတိမေ့နေချိန်မှာ ကျူးလွန်ခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေ ယူဆထားတဲ့ မုဒိမ်းမှုအများအပြားလည်း ပါဝင်နေပါတယ်။
ဟွီဘီဟာ တရားခွင်အစပိုင်းမှာ လိင်ပိုင်းဆိုင်ရာ မသင့်လျော်တဲ့ အပြုအမူတွေ၊ အမြန်နှုန်းလွန်စွာ မောင်းနှင်ခြင်း၊ မော်တော်ယာဉ်လိုင်စင်မရှိဘဲ မောင်းနှင်ခြင်း စတဲ့ ပြစ်ဒဏ်ပေါ့ပေါ့ပါးပါးသာ ချမှတ်နိုင်တဲ့ ပြစ်မှုတွေကိုတော့ အပြစ်ရှိကြောင်း ဝန်ခံထားပါတယ်။
တရားလိုရှေ့နေ ဟင်နရစ်ခ်စ်ဘိုက ဟွီဘီ ကိုလည်း နော်ဝေပြည်သူတွေလိုပဲ တန်းတူဆက်ဆံရမှာဖြစ်ပြီး နိုင်ငံရဲ့ အထင်ကရမိသားစုဝင်ဖြစ်လို့ဆိုပြီး ပြစ်ဒဏ်ကို ပိုပြင်းထန်စေတာ သို့မဟုတ် ပိုပေါ့ပါးစေတာ မဖြစ်သင့်ဘူးလို့ တရားရုံးကို ပြောပါတယ်။
Source: Reuters










