
နော်ဝေနိုင်ငံရဲ့ အိမ်ရှေ့မိဖုရား မက်တေမာရိ(ထ်)ရဲ့ အရင်အိမ်ထောင်နဲ့ ရရှိထားတဲ့သား မာရီးယပ်စ် ဘော့ဂ်ဟွိုင်ဘီဟာ မုဒိမ်းမှု ၂ မှု၊ အိမ်တွင်းအကြမ်းဖက်မှု အပြင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဆိုင်ရာ ဥပဒေချိုးဖောက်မှုတွေနဲ့ပါ အပြစ်ရှိကြောင်း တွေ့ရှိရတာကြောင့် ထောင်ဒဏ် ၄ နှစ် ချမှတ် လိုက်တယ်လို့ အော့စလိုတရားရုံးက ဇွန် ၁၅ ရက်မှာ အမိန့်ချမှတ်လိုက်ပါတယ်။
နော်ဝေတရားသူကြီး ယွန်ဆဗဲရ်ဒရုပ့် အက်ဖ်ယဲစတားဒ်က "စီရင်ချက်မှတ်တမ်းဟာ စာမျက်နှာ ပေါင်း ၁၂၈ မျက်နှာအထိ ရှည်လျားတာကြောင့် အကုန်ဖတ်ရင် အချိန် အများကြီး ပေးရမှာမို့ တရားရုံးရဲ့ အဓိကဆုံးဖြတ်ချက် အနှစ်ချုပ်ကိုပဲ ဖတ်ကြားသွားမှာဖြစ်တယ်" လို့ တရားခွင်မှာ ပြောပါတယ်။
တရားရုံးရဲ့ အမိန့်အရ ဟွိုင်ဘီရဲ့ ထောင်ဒဏ် ၄ နှစ်ထဲကနေ သူအချုပ်ကျခံခဲ့ရတဲ့ ၁၅၃ ရက်ကို ပြန်လည်နုတ်ပယ်ပေးသွားမှာလည်း ဖြစ်ပါတယ်။ သူ့အပေါ် စွဲချက်တင်ထားတဲ့ တခြားမုဒိမ်းမှု ၂ မှု ကိုတော့ တရားသေလွှတ်ပေးခဲ့ပါတယ်။
ဟွိုင်ဘီဟာ မုဒိမ်းမှုအပါအဝင် သူ့အပေါ်စွဲဆိုထားတဲ့ အပြင်းထန်ဆုံး ပြစ်မှုတွေအတွက် အပြစ် မရှိကြောင်း ငြင်းဆိုထားပြီး ပြစ်ဒဏ်ပိုပေါ့တဲ့ အမှုတချို့ကိုပဲ ဝန်ခံထားတာကြောင့် အခု ထွက်လာ တဲ့ တရားရုံးစီရင်ချက်ကို အယူခံဝင်နိုင်ခွင့် ရှိပါသေးတယ်။ အစိုးရရှေ့နေတွေကတော့ ဟွိုင်ဘီကို ထောင်ဒဏ် ၇ နှစ်နဲ့ ၇ လအထိ ချမှတ်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။
သီတင်း ၇ ပတ်ကြာ ရုံးတင်စစ်ဆေးမှု ဒီတရားခွင်ကို နော်ဝေတနိုင်ငံလုံးက စိတ်ဝင်စားမှု မြင့်တက် ခဲ့ပါတယ်။
တရားခွင်အတွင်းမှာ ဟွိုင်ဘီရဲ့ မူးယစ်ဆေးစွဲနေတဲ့အခြေအနေ၊ ကိုယ်တိုင်ရိုက် လိင်ပိုင်းဆိုင်ရာ တွေ့ဆုံမှု ဗီဒီယိုတွေနဲ့ သက်သေအဖြစ် တင်သွင်းခဲ့တဲ့ အီလက်ထရွန်နစ် မက်ဆေ့ခ်ျပေါင်း ၈၀၀ ကျော်ကို အသေးစိတ်ဖော်ထုတ်ခဲ့ကြပါတယ်။
ဒါ့အပြင် တရားရုံးမှာ ထွက်ဆိုချက်တွေအရ မုဒိမ်းမှုတခုဟာ အိမ်ရှေ့မင်းသား မိသားစုနေအိမ်ရဲ့ မြေအောက်ခန်းထဲမှာတင် ဖြစ်ပွားခဲ့ပါတယ်။
Source:Reuters










