DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
KNU နယ်မြေ သော်လဲထနယ်စပ်ကို စစ်တပ်က ဗုံးကြဲတာ ဘာကြောင့်လဲ
DVB
·
November 4, 2026
Photo: Cha Lut / Per Nar
Photo: Cha Lut / Per Nar
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ တပ်မဟာ ၅ နယ်မြေ၊ သော်လဲထနယ်စပ်ကနေ ကုန်စည်စီးဆင်းနေတဲ့အပေါ်     စစ်အာဏာရှင်တပ်က အကောက်ခွန်မရတဲ့အတွက် ဗုံးကြဲတိုက်ခိုက်တာလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) အမြဲတမ်း ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက ပြောပါတယ်။

KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန် (မူတြော်) ခရိုင်၊ သံလွင်မြစ်ကမ်းဘေးက ထိုင်း-မြန်မာ ကုန်စည်စီးဆင်းနေတဲ့ သော်လဲထနယ်စပ်ကို အောက်တိုဘာ ၃၁ ရက် ည ၇ နာရီလောက်မှာ အာဏာသိမ်းစစ်တပ်က ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ KNU နဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စတာတွေကို မပြုလုပ်ဖို့နဲ့ KNU ရဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို လက်နက်ကြီး၊ လေကြောင်းကနေ ပစ်ခတ်ချေမှုန်းသွားမယ်လို့ ထိုင်း-မြန်မာနယ်ခြားစောင့်ကော်မတီကို ဩဂုတ် ၃၁ ရက်က သတိပေးစာ ပေးပို့ခဲ့ပြီးနောက်  လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

ဗုံးကြဲတိုက်ခိုက်မှုနဲ့တပ်သက်ပြီး  KNU အမြဲတမ်းဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက “သူတို့က ထိုင်းနိုင်ငံဘက်ကနေ ဝင်တဲ့ ကုန်ပစ္စည်းတွေက သူတို့ စစ်ကောင်စီအနေနဲ့ အခွန်ကောက်လို့ မရတော့ အဲဒီလမ်းတွေကို အကုန်ပိတ်ပစ်လိုက်တာ။ အကယ်လို့ သူတို့ကို အခွန်ကောက်‌ ပေးတယ်ဆိုရင် သူတို့က လမ်းကိုဖွင့်ပေးမယ်။ နယ်ခြားစောင့် သော်လဲထ ဆိုတာကလည်း တကယ်အပေါက်ကြီး။ အဲဒီအပေါက်ကြီးကနေ သူတို့ ဝင်ငွေမရတဲ့အခါကျတော့ အဲဒီမှာ သူတို့က ဒီလမ်းကို ပိတ်ပလိုက်တာ။ ပိတ်လိုက်တော့ ကျနော်တို့ သော်လဲထကုန်းကို ဗုံးနဲ့ ပစ်တာ။ သူက ဘယ်အထိပိတ်လည်းဆို ကရင်နီအထိ။ ကရင်နီမှာဆို လုံးဝ ထိုင်းနိုင်ငံကပစ္စည်း သယ်ဆောင်ခွင့် မရှိဘူး။ အဲတော့ ကရင်နီကလူတွေ သော်လဲထကနေ ပြန်ပြီးတော့မှ စက်လှေနဲ့ ကရင်နီကို သယ်ပို့။ အဲဒါတွေကို သူတို့က သိတော့ ဒီလမ်းမကို ပိတ်ချလိုက်တာ။ သူတို့ကို အခွန်ပေးမယ် ဆိုရင်တော့ ဖွင့်မယ်လေ။ အခွန်မပေးဘူးဆိုရင် မဖွင့်ဘူး။ အဲဒါပါပဲ”လို့ ပြောပါတယ်။

ဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းက နယ်စပ်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး မြန်မာဘက်ကို တရားဝင် အသိပေးပြီးဖြစ်သလို ထိုင်းပြည်သူတွေနဲ့ ထိုင်းနယ်မြေကို အပြည့်အဝ ကာကွယ်မယ်လို့ ပြောဆို ထားပါတယ်။

ဒါကြောင့် ထိုင်းအစိုးရကတဆင့် ကုန်စည်စီးဆင်းမှုကို ဖြတ်တောက် ပိတ်ဆို့ဖို့ဆိုတာ ၁၀၀ ရာခိုင်နှုန်း မဖြစ်နိုင်ဘူးလို့ ကရင်နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

ကရင်နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသူတယောက်က “စကမရဲ့ မဟာဗျူဟာအရကတော့ ဒီ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ရှိတဲ့နေရာ အကုန်လုံးကို ယခင်အခေါ်အဝေါ်အရဆိုရင် ဖြတ်လေးဖြတ်ပေါ့။ တဖက်အစိုးရက လိုက်နာဖို့ဆိုတာ အင်မတန် ၁၀၀ ရာခိုင်နှုန်း ခဲယဉ်းတယ်။ ဘာကြောင့်လဲဆိုတော့ တဖက်နိုင်ငံသည် ကျနော်တို့ရဲ့ မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ်ရင် ဒီမိုကရေစီ စံချိန်စံနှုန်းက ကျနော်တို့ မြန်မာနိုင်ငံထက် ရေချိန်မြင့်တယ်။ သူ့နိုင်ငံမှာလည်း အတိုက်အခံပါတီတွေ ရှိသလို အတိုက်အခံ ပြည်သူတွေလည်း ရှိတယ်။ ပညာတတ်ပါတီတွေလည်း ရှိတယ်။ နိုင်ငံရေးကို မြန်မာနိုင်ငံထက် ပိုမိုပွင့်လင်းစွာ လုပ်ကိုင်နိုင်တယ်။ လွတ်လပ်စွာ လုပ်ကိုင်နိုင်တယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်တဲ့ အနေအထားရှိတဲ့ နိုင်ငံတခုကို စကမဘက်က ဒီကုန်စည်စီးဆင်းမှုနဲ့ ပတ်သက်ပြီးတော့ ဖြတ်တောက်ပေးဖို့ လျှော့ချပေးဖို့ ပိတ်ပင်ပေးဖို့ တောင်းဆိုတဲ့နေရာမှာတော့ ဒါက ၁၀၀ ရာခိုင်နှုန်းတော့ မဖြစ်နိုင်ဘူး” လို့‌ ပြောပါတယ်။

စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ပေါက်ကွဲအား ပြင်းထန်ခဲ့တဲ့အတွက်  သံလွင်မြစ်တဖက်ကမ်း ထိုင်းနိုင်ငံ၊ မယ်ဆာလပ်ကျေးရွာက ဆေးရုံ၊ စာသင်ကျောင်း၊ ဘုရားကျောင်းနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒါကြောင့် ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေးကို တိုးမြှင့်ပြီး စောင့်ကြည့်ခဲ့တဲ့အပြင် သဘာဝ မြစ်ကူးဂိတ်တွေကိုလည်း ယာယီပိတ်ခဲ့ပေမဲ့ လက်ရှိမှာ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နေပြီလို့ သိရပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013