
လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံရဲ့ မိတ်ဆွေဟောင်းတယောက်ဖြစ်ပြီး သူ့ရဲ့အခြေအနေကို အမြဲတမ်း အလေးထား စောင့်ကြည့်နေတယ်လို့ တရုတ်အစိုးရက ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က နေပြည်တော်မှာ စစ်အာဏာရှင်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရေးကိစ္စကို ဆွေးနွေးခဲ့ခြင်း ရှိ၊ မရှိ APF သတင်းဌာနရဲ့ မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ဧပြီ ၃၀ ရက်ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားခဲ့တာဖြစ်ပါတယ်။
တရုတ်ပြောခွင့်ရပုဂ္ဂိုလ် လင်ကျန်းက“နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ သတင်းထုတ်ပြန်ချက်တွေကို ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံရဲ့ မိတ်ဆွေဟောင်းတယောက်ဖြစ်ပါတယ်။ သူ့ရဲ့အခြေအနေကို ကျနော်တို့ အမြဲတမ်း အလေးထား စောင့်ကြည့်နေပါတယ်”လို့ ပြောဆိုခဲ့တာပါ။
တရုတ်နဲ့ မြန်မာတို့ဟာ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ပြီး တရုတ်နိုင်ငံက မြန်မာပြည်အခြေအနေတွေနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လျှောက်လှမ်းရာမှာ ပံ့ပိုးကူညီသွားမှာဖြစ်ပြီး ပိုမိုကျယ်ပြန့်ခိုင်မာတဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ရာမှာ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအသီးသီးကို ထောက်ခံအားပေးတယ်လို့လည်း လင်ကျန်းက ပြောပါတယ်။
နေပြည်တော်မှာ ဖမ်းဆီးအကျဉ်းချခံနေရတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တအိမ်မှာ ပြောင်းရွှေ့လိုက်တယ်လို့ စစ်အာဏာရှင် ပြန်ကြားရေးရုပ်သံကနေ ဧပြီ ၃၀ ရက်နေ့ ညပိုင်းမှာ ဓာတ်ပုံတပုံနဲ့အတူ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီဓာတ်ပုံဟာ လတ်တလောရိုက်ထားတာလား အရင်တုန်းကရိုက်ထားတဲ့ ဓာတ်ပုံလားဆိုတာကို တော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။
စစ်အာဏာရှင်ဟာ ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၁၅၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်တလုံးမှာ ရွှေ့ထားလိုက်တာဖြစ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၄၅၊ ပုဒ်မခွဲ (၁) အရ ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကို သတ်မှတ်ထားတဲ့ နေအိမ်မှာပဲ ဆက်လက်ကျခံသွားရမယ်လို့ ဆိုပါတယ်။
အသက် ၈၀ ကျော်အရွယ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ကျန်းမာနေကြောင်း သက်သေပြဖို့ စစ်အာဏာရှင်ကို တောင်းဆိုတဲ့ “Proof of Life” လှုပ်ရှားမှုကို သူ့ရဲ့သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ဦးဆောင်ပြီး ကမ္ဘာတဝန်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်ပြုလုပ်ခဲ့ပြီးနောက် စစ်အာဏာရှင်က နေအိမ်မှာ ပြောင်းရွှေ့လိုက်တာပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံနေရသူတွေအားလုံးကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာကလည်း လတ်တလော တောင်းဆိုထားပါတယ်။










