
ပဲခူးတိုင်း၊ တောင်ငူမြို့၊ ၆ ရပ်ကွက်မှာရှိတဲ့ မေဃဝတီစာသင်တိုက်မှာ သီတင်းသုံးနေတဲ့ ကိုရင် ၁၃ ပါး အစာအဆိပ်သင့်ပြီး ဆေးရုံတက်ရောက်ကုသနေရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့က ပြောတယ်။
အစာအဆိပ်သင့်တဲ့ ကိုရင်တွေဟာ အသက် ၁၂ နှစ်အောက် ကိုရင် ၃ ပါးနဲ့ အသက် ၁၂ နှစ်အထက် ၁၀ ပါးဖြစ်ပြီး ဇွန် ၉ ရက် ညနေပိုင်းက တရုတ်နိုင်ငံထုတ် အစပ်ပြားနဲ့ တခြားအစားအစာတွေ တွဲစားသုံးမိရာကနေ အစာအဆိပ်သင့်ခဲ့တာလို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူတယောက်က “အစာအဆိပ်သင့်တဲ့ ကိုရင် ၁၃ ပါးလုံး တောင်ငူပြည်သူ့ဆေးရုံမှာ ဆေးကုမှု ခံယူနေပါတယ်။ အားလုံး စိုးရိမ်ရတဲ့အခြေအနေ မရှိပါဘူး။ ကောင်းပါတယ်” လို့ ပြောပါတယ်။
တောင်ငူမြို့ မေဃဝတီ စာသင်တိုက်မှာ ကိုရင်ငယ်အပါး ၃၀ ကျော်အထိရှိပြီး အခု အစာအဆိပ်သင့်တဲ့ ကိုရင် ၁၃ ပါးဟာ စာသင်သား ကိုရင်တွေ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်ကလည်း တောင်ငူမြို့နယ်၊ ဝက်ဖြူကုန်းကျေးရွာက ရေဘေးရှောင်စခန်းတခုမှာ ရေဘေးသင့် ဒေသခံတွေ အစာအဆိပ်သင့်ခဲ့ပါတယ်။











