စပိန်နိုင်ငံမြို့တော် မက်ဒရစ်ရဲ့ ဘဏ္ဍာရေးဇုန်မှာရှိတဲ့ စွမ်းအင်ကုမ္ပဏီ ‘မူအဲဗေး’ ရုံးစိုက်ရာ အထပ် ၄၉ ထပ်ပါ မိုးမျှော်တိုက်ကြီးတခုမှာ ဇွန် ၂၃ ရက် မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ အခုတော့ မီးကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး လူထိခိုက်ဒဏ်ရာရတာမျိုး မရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အဆောက်အအုံထဲက မီးသတိပေးခေါင်းလောင်း မမြည်ခင်ကတည်းက မီးခိုးတွေ မြင်နေရပြီး မီးခိုးနံ့တွေပါ ရနေခဲ့တာလို့ မျက်မြင်တွေ့ရှိသူတယောက်က ပြောပါတယ်။
အဲဒီနောက် မီးခိုးလုံးမည်းမည်းတွေ ထွက်လာတာကို သတိပြုမိပြီး တိုက်ပေါ်ကလူတွေကို ဘေးလွတ်ရာ အမြန်ဆုံးရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ဝန်ထမ်းတယောက်က သူတို့ဟာ အထပ် ၃၄ ထပ်စာကို ခြေကျင်ဆင်းပြေးခဲ့ရတယ်လို့ ဆိုပါတယ်။ မျက်မြင်တွေ့ရှိသူတွေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေထဲမှာလည်း ၄၉ ထပ်တိုက်ကြီးရဲ့ အလယ်ပိုင်း အထပ်တွေကနေ မီးခိုးတွေ ထွက်နေတာကို တွေ့ရပါတယ်။
အစပိုင်းမှာတော့ မီးခိုးတွေ တအားထူထပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ တဖြည်းဖြည်း ကျဲသွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ဝေဟင်ဗီဒီယိုဖိုင်တွေအရ မီးလောင်မှုကြောင့် အဆောက်အအုံရဲ့ တစိတ်တပိုင်း ပျက်စီးသွားတာကို တွေ့ရပြီး၊ လက်ရှိမှာတော့ မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက အခင်းဖြစ်ပွားရာနေရာမှာ ဆက်ရှိနေဆဲဖြစ်ပါတယ်။










