
ကချင်ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ ဝေလုံမှော်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲဘော်တယောက်က ဇူလိုင် ၆ ရက် ညပိုင်းမှာ အရပ်သား ၂ ယောက်ကို ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဝေလုံမှော်မှာ စကားများ ရန်ဖြစ်ကြရာကနေ KIA ရဲဘော်က သေနတ်နဲ့ပစ်လို့ အမျိုးသမီး တယောက်နဲ့ အမျိုးသားတယောက် သေဆုံးပြီး KIA ရဲဘော်လည်း အဆုံးစီရင်သွားတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “သေနတ်ထုတ်ပြီး ပစ်လိုက်တာ သေရော။ ပစ်တဲ့လူကလည်း သူ့ဘာသာ ပြန်ပစ်ပြီး အဆုံးစီးရင်သွားတာ။ အုပ်ချုပ်ရေးမှူးရယ်၊ အရက်ဆိုင်ပိုင်ရှင်ရယ်နဲ့ ကေအိုင်အေ ရဲဘော်တဦး သေတာ” လို့ DVB ကို ပြောပါတယ်။
ဖားကန့်-အင်းတော်ကြီး ကားလမ်းပိုင်းပေါ်မှာရှိတဲ့ ညောင်ထောက်ဂိတ်မှာ ထိုင်တဲ့ KIA တပ်ရင်း ၆ က ရဲဘော်ဟာ အရက်မူးနေပြီး ညောင်ထောက်ဂိတ်ကနေ ဝေလုံအုပ်ချုပ်ရေးမှူးနဲ့အတူ အရက်ဆိုင်မှာ သွားရောက်စားသောက်ကြတယ်လို့ ဆိုပါတယ်။
အဲဒီနောက် စကားများ ရန်ဖြစ်ကြပြီး သေနတ်ထုတ်ပစ်လိုက်တာကြောင့် အုပ်ချုပ်ရေးမှူး ဦးလှတောင်နဲ့ ဆိုင်ရှင်အမျိုးသမီးတို့ သေဆုံးပြီး KIA ရဲဘော်လည်း အဆုံးစီရင်သွားကာ KIA ဘက်က သွားရောက်စစ်ဆေးတာတွေ လုပ်တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ညောင်ထောက်ဂိတ်ကနေ KIA ရဲဘော်တွေက ဘီယာသောက်နေတယ်။ အဲဒီဟာ ဆိုင်ကယ်ဝပ်ရှ်ရှော့က ကလေးတယောက်က လာတာကို တားပြီးတော့ ယာမ ရှူလာတာလားဆိုပြီး ရိုက်ကြတယ်။ ရိုက်ကြပြီး ၅ မိနစ်ကြာမှာ ပြန်လွှတ်ပေးလိုက်တယ်။ သူတို့ထိုင်နေတဲ့ ဆိုင်ရှင်ကို ပြန်သွားခေါ်ပေးဖို့ ပြောကြတယ်။ ပြန်သွားခေါ်ပြီး အဲဒီကလေးကို ဆိုင်ထဲမှာ ရိုက်နှက်ကြတယ်။ အဲဒါကို ရပ်မိရပ်ဖတွေက လာတားကြတယ်။ ပြီးတော့ မူးပြီးရမ်းကားနေတာ။ ရပ်မိရပ်ဖ ဦးညွန့်မောင်ကို လက်သီးနဲ့ထိုးတယ်။ ဆိုင်ရှင်ကလည်း ဝင်ပြောတယ်။ အုပ်ကြီးကလည်း ဝင်ပြောတယ်။ ပြီးတော့ ပစ်တာ။ သူငယ်ချင်းတယောက်က လက်ထိတယ်။ အလောင်းလည်း သွားယူမရဘူး၊ ထွက်ပြေးလိုက်ရတယ်။ ပြီးတော့ မိနစ် ၂၀ လောက်မှာ သူ့ကိုယ်သူ အဆုံးစီရင်သွားတယ်။ အားလုံး ၁၂ ချက်လောက် ပစ်တာ” လို့ ပြောပါတယ်။
အင်းတော်ကြီးဒေသက KIA ထိန်းချုပ်ထားတဲ့ ညောင်ပင်လို့ခေါ်တဲ့ ညောင်ထောက် စစ်ဆေးရေးဂိတ်ဟာ မိုးညှင်းမြို့နယ်၊ ဖားကန့်-အင်းတော်ကြီး ကားလမ်းပိုင်းပေါ်မှာရှိပြီး စစ်ရေးအရ အရေးပါတဲ့ ဂိတ်တခု ဖြစ်ပါတယ်။










