DVB Logo
Home
မြန်မာသတင်း
ငလျင်ဘေးသင့်မြန်မာပြည်သူများ ဝမ်းရေးဒုက္ခနှင့် ထပ်မံရင်ဆိုင်နေရ၊ ရန်ပုံငွေ ဒေါ်လာသန်း ၁၅၀ လိုအပ်နေဟု WFP ပြော
DVB
·
March 27, 2026
Photo: DVB
Photo: DVB
Donate to DVB

မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်မှု တနှစ်အကြာ ကမ္ဘာလုံးဆိုင်ရာ ရိုက်ခတ်မှုတွေကြောင့် ငလျင်ဘေးသင့်ပြည်သူတွေဟာ ဝမ်းရေးဒုက္ခတွေနဲ့ ထပ်မံရင်ဆိုင်နေကြရပြီး ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၁၅၀ လိုအပ်နေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မတ် ၂၇ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ မိုက်ကယ် ဒန်းဖို့ဒ်က “ငလျင်ဘေးကနေ အခုမှ ပြန်ပြီး အားယူရုန်းထနေရတဲ့ ပြည်သူတွေဟာ နောက်ထပ် ထိုးနှက်ချက်တခုကြောင့် ပြန်ပြီး အလဲထိုးခံလိုက်ရသလို ဖြစ်နေပါတယ်။ အခုလို ကမ္ဘာ့အရေးအခင်းအသစ်တွေရဲ့ ဂယက်က မြန်မာနိုင်ငံအတွက် အဆိုးရွားဆုံးအချိန်မှာမှ လာပြီး ရိုက်ခတ်လိုက်တာ” လို့ ပြောပါတယ်။

လက်ရှိမှာ ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခကြောင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ အနှောင့်အယှက်ဖြစ်ကာ မြန်မာနိုင်ငံအနှံ့ စက်သုံးဆီပြတ်လပ်နေပြီး စက်သုံးဆီဈေးနှုန်း မြင့်တက်လာတာက စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးကုန်စည်တွေ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်ကို မြင့်တက်စေတာကြောင့် အခြေခံစားနပ်ရိက္ခာကိုတောင် မနည်းဖြေရှင်းနေရတဲ့ မိသားစုတွေအပေါ် ထပ်ဆင့် ဝန်ပိစေတယ်လို့ ဆိုပါတယ်။

အခုအကျပ်အတည်းဟာ မိုးသီးနှံစိုက်ပျိုးဖို့ ပြင်ဆင်နေတဲ့ မြန်မာနိုင်ငံက တောင်သူလယ်သမားတွေကိုလည်း ရိုက်ခတ်နေပြီး လာမဲ့ အချိန်သုံးလအတွင်း မြေဩဇာလိုအပ်ချက် မြင့်တက်လာမှာဖြစ်လို့ စက်သုံးဆီပြတ်လပ်မှုနဲ့ သွင်းအားစုကုန်ဈေးနှုန်း မြင့်မားလာတာကြောင့် စိုက်ပျိုးစရိတ်ဟာ အရင်နှစ်ကထက် နှစ်ဆအထိ မြင့်တက်သွားမဲ့ အန္တရာယ် ရှိနေတယ်လို့လည်း WFP က ထောက်ပြထားပါတယ်။

ဒီလို ထပ်ဆင့်ရိုက်ခတ်မှုတွေက ပဋိပက္ခနဲ့ ငလျင်ဘေးဒဏ်သင့်ဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ အဆိုးရွားဆုံး ဖြစ်ပေါ်လာနိုင်ဖွယ်ရှိပြီး ဒါဟာ နိုင်ငံလူဦးရေရဲ့ လေးပုံတပုံနီးပါးရှိတဲ့ လူဦးရေ ၁၂ ဒသမ ၄ သန်းရဲ့ လတ်တလော ဝမ်းရေးဒုက္ခကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာမလုံခြုံမှု အခြေအနေကို ပိုမိုဆိုးရွားစေမယ်လို့ ဆိုပါတယ်။

မစ္စတာ မိုက်ကယ် ဒန်းဖို့ဒ်က “မြန်မာပြည်သူတွေဟာ ပဋိပက္ခ၊ ရာသီဥတု ဘေးအန္တရာယ်၊ အင်အားပြင်းငလျင်ကြီးနဲ့ အခု ကမ္ဘာလုံးဆိုင်ရာ စက်သုံးဆီအကျပ်အတည်း စတဲ့ ရိုက်ခတ်မှုတွေကို တခုပြီးတခု ကြံ့ကြံ့ခံကျော်ဖြတ်နေကြရတာ ဖြစ်ပါတယ်။ ကျနော်တို့ သူတို့နဲ့အတူ အခု ရပ်တည်ပေးကြရပါမယ်။ ငလျင်ဘေးအပြီး တနှစ်အကြာမှာ သူတို့တွေ နောက်ထပ်တကြိမ် ပြန်ပြီး လဲပြိုမသွားစေဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။

WFP ရဲ့ နောက်ဆုံးရ လေ့လာသုံးသပ်ချက်တွေအရ ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်နိုင်မှု အခြေအနေဟာ အလွန်အားနည်းနေသေးကြောင်း တွေ့ရှိရသလို ငလျင်ဒဏ်သင့် စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ အိမ်ထောင်စု ၆ စုမှာ ၁ စုက စားနပ်ရိက္ခာ မဖူလုံမှုဒဏ်ကို အလယ်အလတ်အဆင့်ကနေ ပြင်းထန်အဆင့်ထိ ခံစားနေကြရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အိမ်ထောင်စုအားလုံးရဲ့ ထက်ဝက်လောက်မှာလည်း စားနပ်ရိက္ခာဖူလုံရုံမျှသာဖြစ်တဲ့ တနေ့စာ တနေ့လောက်ငရုံသာ အခြေအနေမှာ ရှိနေတာကြောင့် အနည်းငယ်မျှသော ထပ်ဆင့်ရိုက်ခတ်မှုမျိုးကိုတောင် တောင့်ခံနိုင်စွမ်း မရှိကြဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

WFP အနေနဲ့ လွန်ခဲ့တဲ့ အချိန်တနှစ်တာကာလအတွင်း ငလျင်ဘေးသင့်ပြည်သူ ၅ သိန်းဆီ အရေးပေါ် ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး အထောက်အပံ့တွေ ပေးအပ်နိုင်ခဲ့ပြီး အခုအခါမှာတော့ အရေးပေါ်ကူညီကယ်ဆယ်ရေးအဆင့်ကနေ ရေရှည်တည်ငြိမ်မှုကို ဖော်ဆောင်ပေးနိုင်မဲ့ ရပ်ရွာလူထုပိုင် အခြေခံအဆောက်အအုံတွေ ပြန်လည်တည်ဆောက်ပေးတဲ့ အဆင့်ဆီ ကူးပြောင်းဆောင်ရွက်နေပြီလို့ သိရပါတယ်။

လတ်တလောမှာတော့ အခု ၂၀၂၆ ခုနှစ်အတွင်း မြန်မာတနိုင်ငံလုံး လူဦးရေ ၁ ဒသမ ၅ သန်းကို အသက်ကယ်ဆယ်ရေး အကူအညီနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး အထောက်အပံ့တွေ ပေးအပ်နိုင်ဖို့ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ရန်ပုံငွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

တကယ်လို့သာ လုံလောက်တဲ့ရန်ပုံငွေ မရရှိပါက WFP အနေနဲ့ အရေးပေါ် အသက်ကယ်ဆယ်ရေး လုပ်ငန်းတွေကိုသာ ဦးစားပေး လုပ်ဆောင်ရတော့မှာဖြစ်ပြီး ငလျင်ဘေးသင့် ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပြန်လည်ထူထောင်ရေးနဲ့ အကူအညီအပေါ် ရေရှည်မှီခိုနေရမှုကို လျော့ပါးစေမဲ့ လုပ်ငန်းတွေကို လျှော့ချရဖွယ် ရှိနေတယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့အနီးကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ ရှိ အင်အားပြင်းငလျင်ကြီးကြောင့် မြန်မာနိုင်ငံမှာ အနည်းဆုံး လူ ၅,၀၀၀ ကျော် သေဆုံးပြီး ထိခိုက်ပျက်စီးမှုတွေ အများအပြား ရှိခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013