
ပနားမားနိုင်ငံ တောင်ဘက်ကမ်းရိုးတန်းအနီးမှာ အောက်တိုဘာ ၉ ရက်က ပြင်းအား ပမာဏ ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်း ငလျင်ကြီးတခု လှုပ်ခတ်ခဲ့ပြီး အဆောက်အအုံတချို့ ပျက်စီးကာ လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက် ပြေးခဲ့ရပေမဲ့ နိုင်ငံတဝန်း ကြီးကြီးမားမား ပျက်စီးဆုံးရှုံးတာနဲ့ လူထိခိုက်သေဆုံးတာမျိုး မရှိဘဲ ကင်းလွတ်ခဲ့ပါတယ်။
ငလျင်ဗဟိုချက်ဟာ ဟာရီရာခရိုင် ပစိဖိတ်ကမ်းရိုးတန်းအနီးက လူနေကျဲပါးတဲ့ လာပီတာလိုဇာ ကျေးရွာအနီးမှာ ဖြစ်ပြီး မြို့တော် ပနားမားစီးတီးနဲ့ ကီလိုမီတာ ၂၀၀ လောက်ဝေးကာ အနက် ၁၂ ဒသမ ၆ ကီလိုမီတာမှာ လှုပ်ခဲ့တာလို့ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန(USGS) က ထုတ်ပြန်ပါတယ်။
ပနားမားလိုနိုင်ငံမျိုးမှာ ဒီလောက်ပြင်းထန်တဲ့ ငလျင်မျိုး ရှားရှားပါးပါးသာ လှုပ်ခတ်တတ်ပြီး ငလျင် ပြင်းအား သက်ရောက်ခဲ့တာကြောင့် အိမ်နီးချင်း ကော့စတာရီကာနိုင်ငံရဲ့ မြို့တော် ဆန်ဟိုဆေး အထိတောင် ငလျင်ရိုက်ခတ်မှုကို ခံစားခဲ့ရတယ်လို့ ရိုက်တာသတင်းထောက်က ပြောပါတယ်။
ဒီငလျင်ကြောင့် မြို့တော် ပနားမားစီးတီး လမ်းတွေပေါ်မှာ အဆောက်အအုံ အပျက်အစီးတွေ ပြန့်ကျဲသွားခဲ့ပြီး ထိတ်လန့်နေကြတဲ့ မြို့ခံပြည်သူ ထောင်ပေါင်းများစွာလည်း လမ်းတွေပေါ် စုဝေးထွက်ပြေးခဲ့ကြရပါတယ်။
ငလျင်ဗဟိုချက်နဲ့ မြို့တော်ကြားမှာရှိတဲ့ ပီနိုနိုမီမြို့မှာ ဟိုတယ်တခု ပြိုကျပြီး ရပ်ထားတဲ့ ကားတွေပေါ် ပိသွားခဲ့သလို၊ ခရစ်ယာန် ဘုရားကျောင်း မျှော်စင်တခုလည်း ပြိုကျပျက်စီးခဲ့ပါတယ်။
ဟာရီရာခရိုင်ရဲ့ မြို့တော် ချီထရီနဲ့ ကမ်းရိုးတန်းတလျှောက် လို့စ်ဆန်တို့စ် ပြည်နယ်တို့မှာလည်း ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ပနားမားအရပ်ဘက်ကာကွယ်ရေးအေဂျင်စီမှ အိုမာစမစ်သ်က ပြောပါတယ်။
သမ္မတ ရာအူးလ်မူလီနိုဟာ မြို့တော်ခန်းမနဲ့ တခြား ပျက်စီးအဆောက်အအုံတွေကို ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့ပါတယ်။
ငလျင်ကြောင့် နေအိမ်တွေ ပျက်စီးတာ၊ လျှပ်စစ်မီး ပြတ်တောက်တာတွေ ဖြစ်ခဲ့သလို ဘေးကင်းလုံခြုံရေးအတွက် ပနားမားစီးတီး မက်ထရိုရထားလိုင်း ၂ လိုင်းကို ခဏဆိုင်းငံ့ခဲ့ရပါတယ်။
ပနားမား ပညာရေးဝန်ကြီးဌာနကလည်း တနိုင်ငံလုံးရှိ ကျောင်းတွေကို ပိတ်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပြီး နောက်ဆက်တွဲ ငလျင်ငယ်ပေါင်း ဒါဇင်နဲ့ချီ ဆက်တိုက် လှုပ်ခတ်ခဲ့ပါတယ်။
ငလျင်ဗဟိုချက်နဲ့ ၁၂၆ မိုင် လောက် ဝေးပေမဲ့ ကမ္ဘာ့ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ပနားမားတူးမြောင်း လုပ်ငန်းစဉ်တွေကတော့ မထိခိုက်ဘဲ ပုံမှန်အတိုင်း လည်ပတ်နေပါတယ်။
တိုကူမင် အပြည်ပြည်ဆိုင်ရာလေဆိပ်လည်း ခရီးစဉ်တွေကို ခဏဆိုင်းငံ့ရာကနေ ပြန်လည် စတင်နေပြီ ဖြစ်ပါတယ်။
USGS က ထိခိုက်သေဆုံးသူတချို့ ရှိနိုင်တယ်လို့ ခန့်မှန်းထားပေမဲ့ လက်ရှိအချိန်အထိတော့ လူသေဆုံးဒဏ်ရာရတာ ဒါမှမဟုတ် ကြီးကြီးမားမား ပျက်စီးဆုံးရှုံးတာမျိုး သတင်းမရှိသေးပါဘူး။
Source: Reuters











