
အင်ဒိုနီးရှား၊ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံပေါင်း တဒါဇင်ကျော်တို့ဟာ အာရှ-ပစိဖိတ်ဒေသ ကာကွယ်ရေးစွမ်းရည်တွေ မြှင့်တင်ဖို့နဲ့ ကျူးကျော်မှုကို တားဆီးဖို့ နှစ်ပတ်လည်ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေကို ဩဂုတ် ၃၁ ရက်မှာ စတင်လိုက်ပါတယ်။
အင်ဒိုနီးရှား၊ အမေရိကန်နဲ့ မဟာမိတ်တချို့ဟာ စူပါဂရုဒါဒိုင်းလို့ လူသိများတဲ့ နှစ်တိုင်း ဆင်နွှဲတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို နှစ် ၂၀ နီးပါး ပါဝင်လေ့ကျင့်ခဲ့တာပါ။
အခုနှစ်မှာ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျပန်အပါအဝင် နိုင်ငံတွေက စစ်သား ၄,၇၀၀ ပါမှာဖြစ်ပြီး စက်တင်ဘာ ၁၁ ရက်အထိ ဆူမားတြားနဲ့ ဘော်နီယိုကျွန်းတွေ အပါအဝင် နေရာအတော်များများမှာ လေ့ကျင့်မှာ ဖြစ်ပါတယ်။
အရှေ့တီမော၊ အီတလီ၊ ထိုင်းနဲ့ တခြားနိုင်ငံတွေက စောင့်ကြည့် လေ့လာသူတွေကို စေလွှတ် ခဲ့ပါတယ်။
အင်ဒိုနီးရှားအစိုးရဟာ အမေရိကန် အစိုးရနဲ့ရော တရုတ်အစိုးရနဲ့ပါ ကောင်းမွန်တဲ့ဆက်ဆံရေးရဖို့ ကြိုးစားနေပြီး သံတမန်ရေးကြိုးတန်းတလျှောက် လျှောက်လှမ်းနေချိန်မှာ လွတ်လပ်ပြီး တက်ကြွတဲ့ ကြားနေနိုင်ငံခြားရေးမူဝါဒကို ထိန်းသိမ်းထားပါတယ်။
အရှေ့တောင်အာရှနိုင်ငံကြီး အင်ဒိုနီးရှားဟာ ဩဂုတ်လထဲမှာ တရုတ်နဲ့ ပူးတွဲရေတပ် စစ်ရေး လေ့ကျင့်မှုလုပ်ခဲ့ပြီး ထိုင်ဝမ်က “ရန်စမှု” အဖြစ် ဝေဖန်ခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့က အင်ဒိုနီးရှားမိတ်ဖက်တွေနဲ့ ဆွေးနွေးဖို့ ဩဂုတ်လမှာ အင်ဒိုနီးရှားကို သွားခဲ့ပြီး နိုင်ငံရေးနဲ့ စစ်ရေးပူးပေါင်း ဆောင်ရွက်မှု ပိုများ လာစေရေး သဘောတူခဲ့ကြပါတယ်။
အခုနှစ်နှောင်းပိုင်းမှာ တရုတ်နဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံဟာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီ၊ ဘေးအန္တရာယ်ကယ်ဆယ်ရေးနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတို့ကို အဓိကထားတဲ့ Helping Garuda လေ့ကျင့်ရေး အောက်မှာ ပူးတွဲစစ်ရေးလေ့ကျင့်မှာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားဟာ ပြီးခဲ့တဲ့နှစ်က ရုရှားနဲ့ တရုတ်ပါတဲ့ ထွန်းသစ်စစီးပွားရေးနိုင်ငံများအဖွဲ့ BRICS အုပ်စုမှာ ပါဝင်ခဲ့တာပါ။
ဒါပေမဲ့သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့လည်း ကုန်သွယ်ရေး သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ထရမ့်ပ်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှာ ပါဝင် ခဲ့ပါတယ်။
Source: Reuters











